မန္တလေးမှာ PDF နဲ့ပတ်သတ်တယ်လို့စွပ်စွဲကာ အဖမ်းမခံရဖို့ ဖုန်းဆက်ငွေညှစ်မှုတွေဖြစ်နေ

မန္တလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ ပတ်သတ်မှုရှိနေလို့ ဖမ်းဆီးရမယ့်စာရင်းထဲပါနေပြီး အဖမ်းမခံချင်ရင် ငွေပေးရမယ်လို့ ခြိမ်းခြောက်ကာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေညှစ်မှုတွေ ဖြစ်ပေါ် နေတယ်လို့ ကိုယ်တွေ့ကြုံရသူတချို့ကDNA ကို ပြောကြ ပါတယ်။

အဲဒီလိုခြိမ်းခြောက်ငွေညှစ်တောင်းခံသူတွေဟာ စစ်ကောင်စီတပ်က အရာရှိအဖြစ် ပြောဆိုဆက်သွယ်လာကာ ငွေကြေး ခြိမ်းခြောက်တောင်းခံတာလို့ဆိုပါတယ်။

 “ဒီလအစောပိုင်းလောက်က အမည်မသိဖုန်းတလုံးနဲ့ နန်းတွင်းက ဗိုလ်ကြီးတဦးဆိုပြီးဆက်သွယ်လာတယ်၊ PDF နဲ့ အဆက်အသွယ်ရှိတယ်၊ထောက်ပံ့နေလို့ ဖမ်းဆီးဖို့ရှိတယ်၊အဖမ်းမခံနိုင်ရင် တခုခုတော့ လုပ်ရမယ်ဆိုပြီး သိန်း ရှစ်ဆယ်တောင်းတယ်’’ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တွေ့ကြုံခဲ့ရသူတဦးက ပြောပါတယ်။

ဒါပေမယ့် ငွေဲလွှဲကာနီးမှာ မသင်္ကာလို့ ဆက်စပ်စုံစမ်းကြည့်ပြီး လိမ်လည်ခြိမ်းခြောက်ငွေတောင်းခံနေတာကို သိ သွားတာကြောင့် ငွေလွှဲမပေးခဲ့ဘူးလို့လည်း သူက ဆက်ပြောပြပါတယ်။

 “အစကတည်းက ကြောက်သွားတာ၊မဟုတ်ရင်တောင် အဖမ်းခံရရင် နှိပ်စက်ခံရမယ်လေ၊အဲ့တာနဲ့ပေးမယ်ပေါ့၊ ဘယ်သူလဲ ဘယ်ကလဲ အတိအကျမေးတော့မဖြေနိုင်သလိုလည်းပေါ်လာတယ်၊ငွေလွှဲကာနီးမှာ အဆက်အစပ်နဲ့ မေးလိုက်တဲ့အချိန်မှာ လိမ်နေတာဖြစ်နေတယ်’’ လို့လည်းဖြည့်စွက်ပြောပါတယ်။

အဲဒီလိုခြိမ်းခြောက်ငွေညှစ်တာကို ယုံကြည်မိတဲ့အတွက် ငွေပေးလိုက်ရသူ တွေလည်း သုံးဦးထက်မနည်းရှိနေ ကြောင်းသိရတယ်လို့ တခြားစီးပွားရေးလုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

“စကစကလည်း ဖမ်းပြီးရင် ငွေညှစ်တာ ငွေတောင်းတာတွေလုပ်ထားတော့ ယုံကြည်မိတာကိုး၊ ငွေလိုရင် ဂွင် ရိုက်ချင်ရင် ပိုက်ဆံရှိနိုင်လောက်တဲ့သူကို အဖမ်းပြတယ်၊ဘယ်လောက်ပေးရင်လွှတ်မယ်လုပ်တာ၊မပေးနိုင်တဲ့ သူကျ အနည်းဆုံး ၅၀၅ နဲ့ အစွဲခံရတယ်’’လို့လည်းဆိုပါတယ်။

မန္တလေးမှာလုပ်ငန်းရှင်တွေရဲ့ ဘောင်ချာ၊ လိပ်စာကဒ်မှာပါတဲ့ ဖုန်းနံပတ်တွေကတဆင့် အဲဒီလိုခြိမ်းခြောက်ငွေ တောင်းခံတာမကြာခဏလုပ်လာသလို တောင်းခံတဲ့ငွေပမာဏကတော့ မတူညီကြဘူးလို့လည်း သိရပါတယ်။

“ငွေညှစ်တာ တကယ် စစ်ကောင်စီတပ်ကလား ဆိုတာ သေချာမသိရဘူး၊ငွေတောင်းခံခံရတဲ့ သူတွေကတော့ ရှက်တာကော၊ကြောက်တာကောဆိုတော့ ငွေပမာဏကိုမပြောကြဘူး’’ လို့ မန္တလေးဒေသခံ စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောပါတယ်။