သိန္နီမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်တွေထိန်းချုပ်

အောက်တိုဘာ၊ ၃၀
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေကို မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး အောက်တိုဘာလ ၂၉ ရက်၊ မနေ့က ကတည်းက ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံတွေက DNA သတင်းဌာနကို ပြောကြားပါတယ်။
 
” အခုတော့ ငြိမ်နေတယ်။ မြို့ထဲမှာတော့ ကိုးကန့်တွေ အများကြီးပဲ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
 
ဒါဟာ ချင်းရွှေဟော်မြို့ကို မြောက်ပိုင်းအဖွဲ့က ထိန်းချုပ်ပြီးနောက် ဒုတိယမြောက် ထိန်းချုပ်တဲ့မြို့ ဖြစ်ပါတယ်။
 
လက်ရှိမှာတော့ သိန္နီမြို့ထဲမှာ ကိုးကန့် (MNDAA)တပ်သားတွေ အများအပြား နေရာယူထားပြီး မူဆယ်-နမ့်ခမ်း သွားလမ်းခွဲနဲ့ ဟိုပန်-လောက်ကိုင် သွားလမ်းခွဲတွေမှာ မြေတွေတူးပြီး ကားတွေသွားလို့မရအောင် လမ်းပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာ သိန္နီရဲစခန်း၊ နမ့်စလပ်ရဲစခန်းနဲ့ မာချီနော့ စစ်စခန်းတွေအပါအဝင် အနီးဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေကိုပါ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့အဖွဲ့ဝင် TNLA /PSLF ပြန်ကြားရေးကတော့ စစ်ဆင်ရေး ၁၀၂၇ အဖြစ် အောက်တိုဘာလ ၂၉ ရက်၊ မနေ့ည ၈ နာရီခန့်မှာ တပ်မဟာ (၅)စစ်ဒေသအတွင်းက သိန္နီမြို့က စစ်ကောင်စီမိုင်းလီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီထံ သေနတ် (၁၄)လက်၊ ပစ္စတို တလက်၊ လက်ပစ်ဗုံး ဆယ်လုံး၊ ၄၀ မမဗုံးသီး (၁၂)လုံး၊ ကျည်ဆံတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရခဲ့မိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ဒါ့ကြောင့် စစ်ကောင်စီတပ်တွေဟာ လေကြောင်းကသာမက လက်နက်ကြီးအင်အားသုံး ပစ်ခတ်နေပြီး သိန္နီမြို့နဲ့ နှစ်မိုင်ခန့်သာဝေးတဲ့ ခူးဝိန်းရွာကို မနေ့ည ၁၂ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်လို့ နေအိမ်နှစ်ဆယ်ခန့် ပျက်စီးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
” ရွာထဲမှာ ကိုးကန့်တွေ ရှိတယ်ဆိုပြီး လာပစ်တာ။ ရွာခံတွေက (ဗုံးခို)ကျင်းထဲနေကြလို့ အများကြီးမထိခိုက်တာ ” လို့ ခူးဝိန်းရွာခံတဦးက ပြောပါတယ်။
 
ဒီကနေ့ မနက် အစောပိုင်းမှာ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ကွမ်လုံ စတဲ့ နယ်စပ်မြို့တွေဘက်ကို သွားဖို့အတွက်အဓိကကျတဲ့ တံတားဖြစ်တဲ့ မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ် သိန္နီမြို့အဝင်က နမ္မတူမြစ်ကူးတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
မိုင်းခွဲဖျက်ဆီးလိုက်တာကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့စည်းဘက်က ဖောက်ခွဲလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး မြို့အဝင် တံတားရဲ့တဖက်ခြမ်းမှာလည်း လက်ရှိ စစ်ကောင်စီတပ်နဲ့ မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဟိုတာ၊ ကောင်းဟော်ရွာ တွေတည်ရှိရာ နေရာဖြစ်ပါတယ်။
 
” နယ်စပ်ဖက် သွားချင်တဲ့လူတွေ၊ ကုန်ကားတွေ အကုန်လုံးက အဲ့တံတားကိုပဲ အားကိုးရတာလေ။ အဲ့တာကြောင့် သူတို့တံတားကို ဖျက်ဆီးလိုက်တာ ဖြစ်မယ်။ စစ်တပ်သွားလို့မရအောင် ” လို့ သိန္နီမြို့ခံနောက်တဦးက ပြောပါတယ်။
 
အဲဒီတံတားဟာ မကြာခဏ မိုင်းခွဲဖျက်ဆီးခံရလေ့ရှိတဲ့ တံတားလည်း ဖြစ်ပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲတို့ဟာ ဒီကနေ့မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ အပြန်လှန်ပစ်ခတ်နေကြတယ်ဆိုပေမယ့် လက်ရှိမှာတော့ မနက်ကလောက် ပြင်းထန်မှု မရှိတော့ဘူးလို့ သိရပါတယ်။
 
” အခုတော့ သိပ်မကြားရတော့ဘူး။ သေနတ်သံ တချက်တချက်ကြားရတယ်။ သေနတ်သံ ငြိမ်သွားရင် လေယာဉ်တွေ ရောက်လာတယ် ” လို့ သိန္နီဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
မြောက်ပိုင်းအဖွဲ့တွေလို့ လူသိများတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA)နဲ့ ရခိုင့်တပ်မတော် (AA) တို့ဟာ အောက်တိုဘာလ ၂၇ ရက်မှာ စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်၊ ဂိတ်တွေနဲ့ ရဲစခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့တာပါ။
 
အဲဒီစစ်ဆင်ရေး သုံးရက်တာအတွင်း စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ စစ်ဆေးရေးဂိတ်တွေ အပါအဝင် ခြောက်ဆယ်နီးပါးကို သိမ်းပိုက်နိုင်တယ်လို့ မြောက်ပိုင်းအဖွဲ့တွေက မနေ့က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
 
ဒါ့အပြင် လက်ရှိစစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေတဲ့ အရပ်ဒေသနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အရပ်ဒေသတွေကို ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှု၊ ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်စေရန်အတွက် ခရီးသွားလာခြင်း မပြုလုပ်ကြရန် အသိပေး မေတ္တာရပ်ခံထားပါတယ်။
 
တကယ်လို့ မဖြစ်မနေ ခရီးသွားလာရမယ်ဆိုရင်လည်း သက်ဆိုင်ရာ တအာင်း (PSLF/TNLA) အုပ်ချုပ်ရေးအဖွဲ့က တပ်ရင်း၊ တပ်ဖွဲ့တို့ထံကို သတင်းပို့ပြီး ခွင့်ပြုချက်တောင်းခံသွားဖို့ အသိပေးထားပါသေးတယ်။
 
ဓာတ်ပုံ – The Kokang