မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ IIMM အစီရင်ခံ ဖော်ပြ

စက်တင်ဘာ၊ ၁၂

မြန်မာနိုင်ငံမှာ ကြမ်းကြုတ် ရက်စက်လှတဲ့ စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေကို ပြည်သူတွေ ထိခိုက် ခံစားရတဲ့ အခြေအနေတွေက ပိုလို့တောင် ဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂက တာဝန်ပေး ခန့်အပ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဆီကို တင်သွင်းတဲ့ အစီရင်ခံစာမှာတော့ မကြာသေးခင် လပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုတွေဟာ အရှိန်အဟုန် ပိုမြင့်မားလာနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ နစ်ကိုလက်စ် ကွမ်ဂျီအန်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တော်မှာ အဖွဲ့ရဲ့ အစီရင်ခံစာကို တင်သွင်းခဲ့ချိန် အတောအတွင်း မြန်မာ စစ်တပ်ဟာ ဗုံးကြဲ တိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ပိုမို ကျူးလွန်လာတဲ့အပြင် စစ်ဘက် အရပ်ဖက် မခွဲခြားဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကိုလည်း အရှိန်မြှင့်တင်လာတာကြောင့် ကလေးတွေ အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူတွေ သေဆုံးမှုတွေ ပိုမို ဆိုးရွားလာနေကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူတွေကို ကွပ်မျက်မှုတွေ၊ လူနေ ကျေးရွာတွေကို မီးရှို့မှုတွေကိုလည်း ပိုမိုတိုးပွား တွေ့မြင်လာနေရတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ တရားလက်မဲ့ ဖမ်းဆီးမှုလို တခြား ရာဇဝတ်မှုတွေကိုလည်း တွေ့ရှိရပြီး ဒီအခြေအနေတွေက မြန်မာစစ်တပ်ထဲမှာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု အလေ့အထမျိုး မရှိဘူးဆိုတာ မြင်သာစေတယ်လို့လည်း ကွမ်ဂျီအန်က ပြောကြားသွားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တုန်းက မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က စစ်ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူ့အသံကို နားထောင်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး လမ်းကြောင်းအတွက် တံခါးတွေ ဖွင့်ထားပေးဖို့ မေတ္တာရပ်ခံ ပန်ကြားခဲ့ပြီး နောက်ပိုင်းမှာ အခုလို အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာလို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု အရာရှိတွေဟာ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် သတင်းအချက်အလက် ရယူခွင့်အတွက် အစွမ်းကုန် ကြိုးစားပေမယ့်လည်း စစ်အာဏာပိုင်တွေရဲ့ မျက်ကွယ်ပြုမှု ပိတ်ဆို့မှုတွေ ကြုံနေရတယ်လို့လည်း ကွမ်ဂျီအန်က ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ပါဝင်တဲ့ ဥရောပ သမဂ္ဂ၊ ဖင်လန်၊ ကနေဒါနဲ့ ကော်စတာရီကာတို့က မြန်မာစစ်တပ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အပြင်းအထန် ရှုတ်ချခဲ့သလို တခြားနိုင်ငံ အများအပြားကလည်း IIMMကို မြန်မာစစ်တပ် အနေနဲ့ ပြည်တွင်း ဝင်ရောက်ခွင့်ပေးဖို့ ထောက်ခံ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်နဲ့ နီးစပ်တဲ့ တရုတ်၊ အီရန်နဲ့ ရုရှားတို့ကတော့ ကောင်စီဝင် ၄၇ နိုင်ငံ အနေနဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုအပေါ် ပြင်ပ စွက်ဖက်မှုတွေ မလုပ်သင့်ဘူးလို့ ပြောကြားထားပါတယ်။

IIMMဟာ မူလက ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေ ကျူးလွန်ခံရတဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ် စုံစမ်းဖို့ အဓိက ရည်ရွယ် ဖွဲ့စည်းခဲ့ပေမယ့် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေကိုပါ အာရုံစိုက် စုဆောင်းနေခဲ့တာ ဖြစ်ပါတယ်။

 

Ref: Devdiscourse