ကော့ကရိတ်မှာ ၁၀၇ မမ ဗုံးသီးတပ် ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရမှုရှိ

သြဂုတ်၊ ၂၇
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် နေရာအပါအဝင် နေရာနှစ်ခုကို ဩဂုတ်လ ၂၆ ရက်က တော်လှန်ရေးအင်အားစု ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာ ငါးဦးခန့် သေဆုံးခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
 
“ ကျွန်တော်တို့ အရင်းအမြစ်ကနေတဆင့် အတည်ပြုနိုင်တာပါ။ ၁၀၇ မမနဲ့ ပထမဆုံးချတဲ့ အခေါက်မှာပဲ တော်တော်ထိသွားတယ်။ ငါးဦးလောက်က သေတယ်ပေါ့နော်။ ဆယ်ဦးလောက်က ဆေးရုံရောက်နေတယ်လို့ ကြားထားရတယ် ” လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက DNA ကို ပြောပါတယ်။
 
ကော့ကရိတ်မြို့ အဝင် အာရှလမ်းဘေးနဲ့ ကော့နွဲ့ကျေးရွာ အတွင်းမှာ တပ်စွဲထားတဲ့ တပ်စခန်းနှစ်ခုကို မနက် ၈ နာရီခွဲခန့်နဲ့ ၉ နာရီခွဲခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၁၈)၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Special Operation Group တို့ ပူးပေါင်းပြီး ၁၀၇ မမ ဗုံးသီးနဲ့ ၆၀ မမဗုံးသီးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာပါ။
 
ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ငါးဦး သေဆုံးကာ ဆယ်ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားပေမယ့် DNA အနေနဲ့လည်း သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
 
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ဝင်လုံခြုံရေး၊ အာရှလမ်းပိုင်း လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့နဲ့ ကျေးရွာမှာ တပ်စွဲထားတဲ့ အဖွဲ့တွေ ဖြစ်ကြပြီး တနေရာကို စုစုပေါင်းအင်အား သုံးဆယ်ဝန်းကျင်ခန့်နဲ့ တပ်စွဲနေထိုင်လျက် ရှိတယ်လို့ ဆိုပါတယ်။
 
“ ၁၀၇ မမကို စပြီး မိတ်ဆက်တာပေါ့နော်။ အဲဒီရှေ့မှာတော့ နှစ်ကြိမ်ပေါ့နော်။ နေရာနှစ်ခုကို လုပ်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ မကွဲဘူးပေါ့။ ဒီပွဲက ၁၀၇ မမ ထိပ်ဆုံးကွဲတဲ့ ပွဲလို့ ပြောလို့ရမယ်။ ၁၀၇ မမက ရှော့တိုက်ဒုံးကနေတဆင့် ဒရုန်းနဲ့ တွဲသုံးလို့ရအောင် ပြန်လည်ပြုပြင်ထားတာပါ။ ပေါက်ကွဲအားက အရမ်းပြင်းပါတယ် ” လို့ တာဝန်ခံ ကိုငြိမ်းက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ၁၂၀ မမ၊ ၈၀ မမနဲ့ ကျေးရွာတွေဘက်ကို အလုံးငါးဆယ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတဦး လက်နက်ကြီး ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Cloud Wings