သြဂုတ် ၊ ၂၆
တရုတ်နိုင်ငံမှာ ဆေးရုံ အရာရှိကြီးတွေ နှစ်ရာနီးပါး အပါအဝင် ကျန်းမာရေးဌာန အရာရှိတွေကို အဂတိ လိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သိရပါတယ်။
အခုနှစ်အတွင်း ထိထိရောက်ရောက် အကောင်အထည် ဖော်လာတဲ့ စုံစမ်းစစ်ဆေးရေးတွေမှာ ခေါ်ယူမေးမြန်းခြင်း ခံရတာဟာ ဆေးရုံ စီမံခန့်ခွဲရေး အရာရှိ ၁၈၀ ကျော်လောက်အပြင် ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ကျန်းမာရေး အာမခံ လုပ်ငန်းတွေရဲ့ အကြီးအကဲ တချို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ တရုတ်မှာ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေ ကြီးမားလာပြီး စီးပွားရေးအရ စိန်ခေါ်မှုတွေ မြင့်တက်လာတာကို ပြည်သူလူထုရဲ့ ဝေဖန်မှုတွေ ပိုမို ကျယ်လောင်လာတဲ့နောက် အခုလို သိမ်းကြုံးစစ်ဆေးမှု အစီအမံမျိုးကို အစိုးရက အကောင်အထည် ဖော်လာခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေး ခံခဲ့ရသူတွေထဲမှာ အာဏာရ ကွန်မြူနစ် ပါတီရဲ့ ဒေသဆိုင်ရာ အကြီးအကဲတွေနဲ့ ဆေးရုံအုပ်တွေလည်း ပါဝင်နေပါတယ်။ ဇွန်လနောက်ပိုင်းမှာ အဲဒီ စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ပြစ်မှု ပြစ်ချက် ထင်ရှားကြောင်း တွေ့ရှိသူ ၁၀ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း တရုတ် သတင်းဌာန တခုဖြစ်တဲ့ CNSက ဖော်ပြပါတယ်။
တရုတ်က ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေမှာ မသမာမှုတွေ၊ တရားမဝင် ငွေကြေးအကျိုးအမြတ် ရယူမှုတွေအတွက် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိတဲ့ အရေအတွက်ဟာ မနှစ်ကထက် နှစ်ဆလောက် ပိုများလာတယ်လို့လည်း အစိုးရပိုင် သတင်းဌာနက ဆိုပါတယ်။
မူလက ဌာနဆိုင်ရာ စစ်ဆေးမှုတွေ အဆင့်သာ ရှိခဲ့ပေမယ့် လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ အဲဒီ စုံစမ်း စစ်ဆေးမှုတွေ အကြောင်းကို လူထုကလည်း ပိုမို အာရုံစိုက်မိလာပါတယ်။ ဖြစ်စဉ် တခုမှာဆိုရင် နိုင်ငံအနောက်တောင်ဖက်စွန်း၊ ယူနန်ဒေသက ဆေးရုံငယ် တခုမှာ ဆေးရုံ ဥက္ကဋ္ဌ တဦးဟာ ၂၀၂၁ ခုနှစ်တုန်းက ကင်ဆာ ကုသရေး စက်ကိရိယာတွေ ဝယ်ယူတဲ့ထဲက ဒေါ်လာ ၂.၂ သန်းလောက်ကို အလွဲသုံးစား လုပ်ထားခဲ့တယ်လို့ အဂတိ တိုက်ဖျက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အဂတိ တိုက်ဖျက်ရေး အဖွဲ့တွေဟာ ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ခဲ့သလို တချို့နေရာတွေမှာလည်း ဖုန်းဆက် သတင်းပေး တိုင်ကြားမှုတွေ လက်ခံရရှိလို့ တုံ့ပြန် အရေးယူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းလောက်မှာ အဲဒီလို စုံစမ်းစစ်ဆေးမှုတွေကို သိသိသာသာ အရှိန်ထပ်မြှင့်လိုက်တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးသလို တရုတ် အစိုးရကလည်း ထုတ်ပြောမထားပါဘူး။ ဒီလို လှုပ်ရှားမှုဟာ ကိုဗစ် ကပ်ရောဂါ ကာလအလွန် တရုတ်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးလာပြီး အလုပ်လက်မဲ့ အချိုးအစား တိုးလာလို့ ပြည်သူလူထုက အစိုးရရဲ့ မူဝါဒတွေအပေါ် ဝေဖန်သံတွေ စတင် ထွက်ပေါ်လာချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ လေ့လာသူတွေက ပြောကြားထားပါတယ်။