ရေလွှမ်းမှုကြောင့် မွန်ပြည်နယ်မှာ မိုးစပါးဧကသောင်းချီပျက်စီး၊တောင်သူတွေအခက်တွေ့

ဩဂုတ် ၁၄

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြစ်ရေကြီးမြင့်တို့ကြောင့် မိုးစပါးစိုက်ဧကသောင်းနဲ့ချီ ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒေသခံတောင်သူတွေက ခန့်မှန်းသုံးသပ်ပြောဆိုကြပါတယ်။

 “ဘာမှကို လုပ်လို့မရတာ တော်တော်များတယ်၊အပင်တွေကလေ အရွက်တွေက ပုတ်သွားတာ၊ကျိုးကုန်တာ၊ အ ရွက်နုတွေပဲ ကျန်နေတာ၊အပင်ကအားမသန်တော့ဘူး၊အဲလိုဖြစ်ကုန်တာပေါ့၊ ရှိမယ်ထင်တယ်၊ တပြည်နယ်လုံးမှာ ဧက သောင်းနဲ့ချီပြီးတော့ ပျက်စီးတာလေ၊ဘာလို့ဆို စိုက်ထားတဲ့ဧကရဲ့ လေးပုံတပုံကျော်က လုံးဝပျက်စီး သွား တာ” လို့ ပေါင်မြို့နယ်က မိုးစပါးစိုက်တောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းနဲ့အခုလအစောပိုင်းနိုင်ငံတဝန်းမှာ မိုးဆက်တိုက်ရွာကာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး မွန် ပြည်နယ်အတွင်းကပေါင်၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောနဲ့မုဒုံမြို့နယ်တွေမှာလည်းမြို့ပေါ် လူနေရပ်ကွက် တွေ အထိ  ရေလွှမ်းခဲ့ပါတယ်။

အခုရေကြီးနစ်မြုပ်ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းတွေဟာ အချိန်ကာလအားဖြင့် သက်တမ်း နှစ်လဝန်းကျင်ရှိပြီး ဖြစ်တာကြောင့် ပြန်လည်အစားထိုးစိုက်ပျိုးဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 “အခုတောင် ရေကများနေတုန်းပဲ၊ ပြန်စိုက်ဖို့ ပျိုးပင်တွေက ဘယ်ကနေ သွားယူမတုန်း၊ လယ်သမားတိုင်း ဖြစ် နေ တာ၊ တကယ်လို့ရပြီပဲ ထားပါဦး၊ ပြန်စိုက်မယ်ဆိုရင် အချိန်က နည်းနည်းနောက်ကျနေပြီ၊ ပြီးတော့ အပင်က မ သန်မာတော့ဘူးလေ၊ဒီချိန်က အရမ်းအေးနေပြီး ရေများတော့ အပင်ပွားတွေလည်း မထွက်လာတော့ဘူး၊ ဘာမှ တော့ မထူးဘူး” လို့ အဲဒီတောင်သူက ပြောပါတယ်။

ဒါ့အပြင် သထုံမြို့နယ်အတွင်းက ဒုံဝန်း၊ ဓနုကတိုက်၊ ကတိုက်ကလေး၊ မိုးကောင်း၊ တောကြီးကျေးရွာအုပ်စုတွေနဲ့ ဒုံသမိမြစ်အနီး ရှိ အောင်းစိုင်၊ ဝင်းစိန်၊ ကျောက်တန်းအပါအဝင် ကျေးရွာအုပ်စုအများပြားမှာ မိုးစပါးစိုက်ဧက သုံး သောင်းကျော်ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးမှုများတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

အလားတူ ရေကြီးရေလျှံမှုကို အဆိုးဆုံးကြုံတွေ့ခဲ့ရတဲ့ ဘီးလင်းမြို့နယ်မှာဆိုရင်လည်း မိုးစပါးစိုက်ဧက အားလုံးနီး ပါး ရေနစ်မြုပ် ခဲ့ပြီး ထက်ဝက်နီးပါးပျက်စီးဆုံးရှုံးမှု ရှိနိုင်တယ်လို့ ဘီးလင်းမြို့နယ်ဒေသခံ တောင်သူတဦးက ပြော ပါတယ်။

“ခုထိတောင် ရေက အကုန်မကျသေးဘူး၊ဒီဘက်နယ်ဆို တော်တော်ထိထားတာ၊ အပင်တွေလည်း ကြည့်ရက်  စ ရာမရှိတော့ဘူး၊ လုံးဝကို ပျက်စီးသွားတယ်၊ဘာဆက်လုပ်ရမယ်မှန်းလည်းမသိတော့ပါဘူးဗျာ၊စိတ်ညစ်တယ်၊ခုက ပျိုးပင်ကလည်းပြန်စိုက်ပြီး ထည့်ဖို့ကလည်း အဆင်မပြေ” လို့သူက ပြောပါတယ်။

ရေကြီးနစ်မြှပ်သွားတဲ့ မိုးစပါးစိုက်ဧကတွေအတွက် လိုအပ်တဲ့ အကူအညီတချို့ပေးဖို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနဘက်က တောင်သူတွေကို အသိပေးအကြောင်းအကြားထားတာမျိုးရှိပေမယ့် ဘယ်လိုမျိုး အကူအညီ ပေးမယ်ဆိုတာတော့ မသိရသေးဘူးလို့တောင်သူတွေက ဆိုကြပါတယ်။

ရေကြီးနစ်မြုပ်ပျက်စီးသွားတဲ့ မိုးစပါးစိုက်ဧကတွေကို အချိန်မီပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက်ပျိုးပင်တွေကို မှာယူ ထားပြီးဖြစ်သလို ပျက်စီးသွားတဲ့စိုက်ဧကတွေအတွက် တောင်သူတွေကို အခမဲ့ပြန်လည်ဖြန့်ဝေပေးသွားဖို့ စီစဉ် ထားတယ်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ် ကျော်စိန်က ပြောပါတယ်။

“ကျွန်တော်တို့ စီစဉ်ထားပါတယ်၊ဖြန့်ပေးမှာပါ၊ပြီးတော့ မြုပ်သွားတာ၊ ပျက်စီးတာတွေ များတော့ အပင်တွေ ပြန် သန်မာလာဖို့အတွက်ကို လိုအပ်တဲ့ ဓါတ်မြေဩဇာတွေ ဝယ်ဖို့၊ ကုန်ကျစရိတ်ရှိနိုင်တဲ့ဟာတွေ ရှိတော့ အဲဒီအတွက် လည်း ချေးငွေတချို့ကို ပေးဖို့လည်း စီစဉ်နေတယ်”လို့သူက ပြောပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက ဘယ်လောက်ပျက်စီးသွားသလဲဆိုတာကို စိုက်ပျိုးရေးဌာန အနေနဲ့ စာရင်းလိုက်လံကောက်ယူနေဆဲဖြစ်ပြီး ပျက်စီးမှုဧကအပေါ်မူတည်ပြီး ပျိုးပင်တွေဖြန့်ဝေပေးမှာဖြစ်တယ် လို့ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာ မိုးစပါးစိုက်ဧက ခုနစ်သိန်းကျော်ရှိပြီး ထွက်ရှိလာတဲ့ မိုးစပါးတွေကိုတော့ ဒေသတွင်း စား သုံးမှုအပြင် တခြားတိုင်းနဲ့ပြည်နယ်တချို့ကိုလည်း တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။

အခုနှစ်မိုးစပါးစိုက်ပျိုးရာသီ မွန်ပြည်နယ်အတွင်းမှာ လုပ်သားရှားပါးမှုနဲ့ လုပ်အားခကုန်ကျစရိတ်ကြီးမြင့်မှု ကြောင့် တောင်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေမှာ အခုလို ရေကြီးနစ်မြုပ် ပျက် စီးသွားတဲ့အတွက် အရှုံးနဲ့သာ ရင်ဆိုင်ရဖွယ်ရှိတော့တယ်လို့ သထုံမြို့နယ်က တောင်သူ တဦးက ပြောပါတယ်။

“ကုန်ပြီ၊သွားပြီ၊ဘာမှ မကျန်တော့ဘူး၊ ရှိတဲ့ဟာတွေနဲ့ အပေါင်ထား၊ ချေးငှားပြီး လုပ်ထားရတာ ဒီနှစ်ကလေ၊ အ ကြွေးကလည်း ပတ်လည်ဝိုင်းနေတာ၊ အခုတော့ စပါးက ထပ်ပျက်စီးသွားတော့၊ ရှုံးတာမှ မပြောနဲ့တော့ အရှုံးကြီး ပဲလေ၊ ခေတ်ကာလလည်း မကောင်း၊ ရာသီဥတုကလည်း ဖျက်တော့ လယ်သမားတွေ ဘာလုပ်စားရမှန်း မသိ တော့ဘူး” လို့ သူကပြောပါတယ်။