မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို အင်တိုက်အားတိုက် ချဲ့ထွင်သွားဖို့လည်း သဘာတူညီခဲ့ကြတယ်လို့ KCNA က ဖော်ပြထားပါတယ်။
၅၊ ဇွန်
ယူကရိန်းမှာ ဆင်နွဲနေတဲ့ စစ်ပွဲအပါအဝင် ကဏ္ဍအားလုံးမှာ ရုရှားဘက်က ခြွင်းချက်မရှိ အပြည့်အဝ ထောက်ခံသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ကတိပြုခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ် သုံးနှစ်ကျော်ကာလအတွင်း မြောက်ကိုရီးယားဟာ ရုရှားရဲ့ မဟာမိတ်ဖြစ်လာပြီး ရုရှားရဲ့ Kursk နယ်စပ်ဒေသဆီကိုမြောက်ကိုရီးယား စစ်သားထောင်နဲ့ချီ ပို့ပေးခဲ့ပါတယ်။
ဇွန်လ ၄ ရက်နေ့ က ရုရှားလုံခြုံရေး အဆင့်မြင့် အရာရှိ Sergei Shoigu နဲ့ တွေ့ဆုံရာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြုံယမ်းအနေနဲ့ ယူကရိန်းအရေးအပါအဝင် ရုရှားရဲ့ နိုင်ငံရေးနဲ့ နိုင်ငံခြားရေးပေါ်လစီတွေအပေါ်မှာ ခြွင်းချက်မရှိ ရပ်တည်ထောက်ခံနေမှာ ဖြစ်တယ်လို့ ပြောခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
ရုရှားလုံခြုံရေး အဆင့်မြင့် အရာရှိ Sergei Shoigu ဟာ သုံးလအတွင်း ဒုတိယအကြိမ် ပြုံယမ်းကို ရောက်လာတာပါ။
မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို အင်တိုက်အားတိုက် ချဲ့ထွင်သွားဖို့လည်း သဘာတူညီခဲ့ကြတယ်လို့ KCNA က ဆက်လက်ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် ရုရှားသမ္မတ ပူတင် မြောက်ကိုရီးယားကိုသွားတဲ့ ရှားရှားပါးပါး ခရီးစဉ်မှာလည်း နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေးဌာနရဲ့အချက်အလက်တွေအရ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်သား ၆၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ထောင်ချီဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ကူညီဖို့ မြောက်ကိုရီးယားဟာ ပထမဆုံးအကြိမ် တပ်ဖွဲ့ဝင်တွေကို စစ်မြေပြင်မှာ တပ်ဖြန့်ထားကြောင်း ဧပြီလက အသိပေးခဲ့ပြီး မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတဲ့ အခြေအနေတွေကို ဝန်ခံထားပါတယ်။
တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားဟာ ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ကူညီပေးဖို့ ဒုံးကျည်တွေ အပါအဝင် ကွန်တိန်နာအပြည့်နဲ့ လက်နက်တွေကိုပါ ထောက်ပံ့ ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
Ref – AFP