လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးများနိုင်ခြေရှိနေ

“ခုကတော့ ခန့်မှန်းချက်တွေပဲ ရှိသေးတာပါ။ ဒါပေမယ့် တကယ်ဖြစ်လာရင် ဘာမှလုပ်မရဘူးဆိုတာ ရှေ့မှာတွေလည်း တွေ့နေခဲ့တာဆိုတော့ သတိထားကြမယ်”

၆၊ဇွန်လ။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်လာနိုင်ချေတွေ ရှိနေတာကြောင့် ဇွန် ၁၂ ရက်နေ့ ဝန်းကျင်ကစပြီး ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးပြန်များလာ နိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိအချိန်မှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အတွင်းမှာ မုတ်သုန်လေအား အသင့်အတင့် ရှိတာကြောင့် နေရာအများစုမှာ မိုးနည်းပြီး ရာသီဥတုသာယာနေပါတယ်။ ဒါပေမယ့် ဇွန် ၁၁ နောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်လာနိုင်ချေဟာ ၆၀ ရာခိုင်နူန်းထိ ရှိလာနေတာပါ။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အမည်မဖော်လိုသူ တဦးကတော့ “ ခုကတော့ ခန့်မှန်းချက်တွေပဲ ရှိသေးတာပါ။ ဒါပေမယ့် တကယ်ဖြစ်လာရင် ဘာမှလုပ်မရဘူးဆိုတာ ရှေ့မှာတွေလည်း တွေ့နေခဲ့တာဆိုတော့ သတိထားကြမယ်။ ပြင်ဆင်လို့ရတာတွေ ကြိုပြင်ထားကြမယ်ဆိုရင် ပိုကောင်းပါတယ်။ လေဖိအားနည်း မဖြစ်လာရင်တောင် မုတ်သုန်လေ အားကောင်းမယ်ဆိုရင် ရေတက်လာနိုင်ပါတယ်။ အရမ်းကြီး စိုးရိမ်ကြဖို့ မဟုတ်ပေမယ့် သတိလက်လွတ်မနေကြဖို့ လိုပါတယ် ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မိုးဇလက ကြေညာထားတဲ့ နှစ်ရက်အတွင်းခန့်မှန်းချက်မှာလည်း မုတ်သုန်လေဟာ အားအသင့်အတင့်ကနေ အားကောင်းလာဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ လဆန်းပိုင်းက ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့ ဧရာဝတီမြစ် အထက်ပိုင်းကရေတွေဟာလည်း အောက်ကိုဆင်းလာနေပြီဖြစ်ပြီး မန္တလေးကနေ အောက်ဘက်ပိုင်း မြစ်ရေတွေဟာ တိုးလာနေပါတယ်။