ထရမ့်နဲ့ ဆက်ဆံရေးကွာပြဲချိန် နိုင်ငံရေးပါတီသစ်တစ်ခု ဖွဲ့စည်းဖို့ ပြောလာတဲ့ အီလွန်မက်ခ်

“အမေရိကန်မှာ လူလတ်တန်းစား ၈၀ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီသစ်တခု ဖော်ဆောင်ဖို့ အချိန်ရောက်ပြီလား” လို့ ဇွန်လ ၅ ရက်နေ့မှာ အီလွန်မက်ခ်က သူ့ရဲ့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

၆၊ ဇွန်

အမေရိကန် သမ္မတ ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်ခ်တို့အကြား သဘောထားကွဲလွဲမှုဟာ ပိုမိုပြင်းထန်လာပြီး တယောက်နဲ့ တယောက် အပြစ်တင်ပြောဆိုတာတွေ ခပ်စိပ်စိပ် တွေ့လာရပါတယ်။

အခုလိုထရမ့်နဲ့ ဆက်ဆံရေး ကွာပြဲလာချိန်မှာ အီလွန်မက်ခ်က နိုင်ငံရေးပါတီတစ်ခု ထူထောင်မယ်ဆိုပြီး အရိပ်အမြွက် ပြောလာပါတယ်။

“အမေရိကန်မှာ လူလတ်တန်းစား ၈၀ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီသစ်တခု ဖော်ဆောင်ဖို့ အချိန်ရောက်ပြီလား” လို့ ဇွန်လ ၅ ရက်နေ့မှာ အီလွန်မက်ခ်က သူ့ရဲ့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကျပ်မှုနဲ့ အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းအပေါ် လူသိရှင်ကြားဝေဖန်ခဲ့တဲ့  Tesla စီအီးအို အီလွန်မက်ခ်က သူ မပါပဲ ထရမ့်ရွေးကောက်ပွဲနိုင်မှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့သလို တော်တော်ကျေးဇူးကန်းတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

ထရမ့်ကလည်း အီလွန်မက်ခ်ကို သစ္စာဖောက်လို့ ဆိုပြီး အီလွန်မက်ခ်နဲ့ သဘောတူညီထားတဲ့ အစိုးရ စာချုပ်တွေ ကိုလည်း ဖြတ်တောက်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဘီလျီယံနဲ့ချီတဲ့ဒေါ်လာတွေကို ချွေတာဖို့ အလွယ်ဆုံးနည်းလမ်းက အီလွန်နဲ့ ချုပ်ဆိုထားတဲ့ ထောက်ပံ့ငွေတွေနဲ့ အစိုးရစာချုပ်တွေကို ရပ်လိုက်တာပါပဲ။ ဒါတွေကို ဘိုင်ဒမ် ဘာကြောင့် မရပ်ခဲ့လဲဆိုတာ အံ့ဩစရာကောင်းတယ်လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေတဆင့် ပြောခဲ့တာပါ။

ပြီးခဲ့တဲ့လပိုင်းတွေမှာ ထရမ့်နဲ့ အီလွန်တို့ဟာ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ လူထုဟောပြောပွတခုမှာ လုပ်ကြံခံရမှုကနေ သီသီလေးလွတ်မြောက်ခဲ့တဲ့ ထရမ့်ကို အီလွန်က ထောက်ခံဖို့ ကတိပြုခဲ့ပြီး ထရမ့်မဲဆွယ်ကမ်ပိန်းတွေကို ကူညီဖို့ ကော်မတီတရပ်ကို ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်းခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း မဲဆွယ်ပေးခဲ့ပါတယ်။

ထရမ့်အစိုးရတက်လာတဲ့အခါမှာလည်း အီလွန်ဟာ DOGE အစိုးရစွမ်းဆောင်မှုဌာနတခုကို ဦးဆောင်ပြီး ထဲထဲဝင်ဝင်ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ ထရမ့်နဲ့ အီလွန်ဟာ စကားလုံးစစ်ထိုးနေကြတဲ့ အခြေအနေ ရောက်နေကြပါတယ်။

Ref – Indiatoday