နေတိုးရဲ့ ကာကွယ်ရေးအစီအစဉ်သစ်အရ စစ်အင်အား ထပ်တိုးရလိမ့်မယ်လို့ ဂျာမနီပြော

NATO နေတိုး ရဲ့ လက်နက်နဲ့ စစ်အင်အား သတ်မှတ်ချက်အသစ်ကြောင့် ဂျာမနီအနေနဲ့ စစ်သားအင်အား ၆၀,၀၀၀ ထပ်မံဖြည့်တင်းရမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Boris Pistorius က မနေ့က ပြောခဲ့ပါတယ်။

၆ ၊ ဇွန်။

လက်ရှိမှာ နေတိုးမဟာမိတ်အဖွဲ့ဟာ ရုရှားရဲ့ ခြိမ်းခြောက်မှုရန်ကနေ ကာကွယ်တုံ့ပြန်ဖို့ အင်အားမြှင့်တင်နေတာ ဖြစ်ပါတယ်။

“ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် ကျွန်ုပ်တို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေပါတယ်”လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ နေတိုးမဟာမိတ် အဖွဲ့တွေနဲ့ မတွေ့ဆုံမီ ကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နေတိုးမဟာမိတ် အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်အသစ်တွေကို လက်မှတ်ရေးထိုးခဲ့ကြပြီး ထပ်တိုးတောင်းဆိုချက်တွေထဲမှာ မဟာမိတ်အဖွဲ့တွေရဲ့ ကာကွယ်ရေးအစီအစဉ်သစ်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီကာကွယ်ရေး အစီအစဉ်အရ ရုရှားဘက်က နေတိုးကို တိုက်ခိုက်လာတဲ့အခါ မဟာမိတ်တွေအနေနဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာကို အသေးစိတ်ဖော်ပြထားပါတယ်။

ဒါပေမဲ့  တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ မြေပြင်တပ်ဖွဲ့အင်အား၊ အဝေးပစ်လက်နက်တွေ၊ လုံလောက်တဲ့ ကျည်သိုလှောင်မှုနဲ့ လုံခြုံတဲ့ ဆက်သွယ်ရေးစနစ်တွေဟာ မှန်းထားတာထက် လျော့နည်းနေပါတယ်။

ဒါ့ကြောင့် နေတိုးအနေနဲ့ “လေကြောင်းကာကွယ်ရေးစနစ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်။ အဝေးပစ်ဒုံးကျည်တွေအတွက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်။မြေပြင်မှာ မြန်မြန် လှုပ်ရှားနိုင်တဲ့ တပ်ဖွဲ့တွေနဲ့ အမိန်ပေးထိန်းချုပ်နိုင်မယ့် စနစ်တွေမှာ ရင်းနှီးမြှုပ်နှံရမှာပါ”လို့ နေတိုးအကြီးအကဲMark Rutte က သတင်းထောက်တွေကို ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Boris Pistorius ကတော့ ဂျာမနီလက်နက်ကိုင်အဖွဲ့ Bundeswehr မှာ လက်ရှိအင်အားအပြင် နောက်ထပ် စစ်သားသစ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ဝန်းကျင် လိုအပ်နေတယ်လို့ အသိပေးထားတာကြောင့် စုစုပေါင်း စစ်သားအင်အား၂၅၀,၀၀၀ ကနေ ၂၆၀,၀၀၀ အထိရှိလာနိုင်ပါတယ်။

Ref – Reuters