ပုသိမ်မှာဆောက်လက်စ အဆောက်အဦ တခုပြိုကျပြီး အလုပ်သမားတဦးသေဆုံး ငါးဦးဒဏ်ရာရ

သြဂုတ် ၊ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာမှာ မနေ့ ဩဂုတ်လ ၁၂ ရက်နေ့က ဆောက်လုပ်လက်စ အဆောက်အဦတခု ပြိုကျလို့ အလုပ်သမားတဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။

 “ အမိုးပိုင်းကို ဆလပ်ပြားလောင်းထားတာလေ၊ အဲဒါ အပေါ်ပိုင်းဝိတ်ကို မခံနိုင်လို့ ဖြစ်မယ်၊ တိုင်အောက်ခြေကနေ ကျိုးကျပြီး အဲဒီမှာ လုပ်နေတဲ့ အလုပ်သမားတွေအပေါ် ပိကျသွားတာပါ၊ သေတာက တဦးပါပဲ၊ ကယ်ထုတ်ပေမယ့် မမီတော့ဘူးပြောတယ်၊ သေတဲ့တယောက်ကလေ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ ပုသိမ်ငွေဆောင်ကားလမ်းဘေးမှာရှိတဲ့ ပေ ၅၀ x ၃၀ ဆောက်လက်စ Steel Structure အဆောက်အဦဆောက်လုပ်နေချိန် ဩဂုတ်လ ၁၂ ရက် မနက် ၁၀ နာရီခန့်မှာ အမိုးဆလပ်ပြားအပေါ်ဝိတ်မခံနိုင်တာကြောင့် ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

အဆောက်အဦပြိုကျပျက်စီးမှုကြောင့် ပန်းရံအလုပ်လုပ်နေတဲ့ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ဦးသိန်းဇော်ဟာ ဦးခေါင်းကြေမွ ဒဏ်ရာနဲ့ အခင်းဖြစ်ရပ်နေရာပင် ပွဲချင်းသေဆုံးခဲ့ပြီး ကျန်တဲ့ အလုပ်သမား ငါးဦးထက်မနည်းကလည်း ခန္ဓာကိုယ်ပွန်းပဲ့၊ ခြေလက် ကျိုးပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ကျန်တဲ့သူတွေက ထိတာပဲ၊ တချို့ဆို ဒဏ်ရာက များတာပေါ့၊ ကျိုးပဲ့တာတွေလေ၊ ကံကောင်းလို့ မသေတာပဲ၊ အုတ်တံတိုင်းတွေ ပိတာနဲ့ အဆောက်အဦတခုလုံးက ကျသွားတာ သူတို့တွေအပေါ်ကိုလေ။ အဲဒီမှာ လုပ်နေတဲ့ အလုပ်သမားက ဆယ်ယောက် လောက်ရှိတယ်တဲ့” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

လက်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြပြီး အဲဒီထဲက တဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆက်သိရပါတယ်။

အခင်းဖြစ်ရပ်နေရာကို သက်ဆိုင်ရာ စစ်ကောင်စီအောက်ကအာဏာပိုင်အဖွဲ့တွေ ရောက်လာပီး စစ်ဆေးမှုတွေ ပြုလုပ်ကာ အဆောက်အဦပိုင်ရှင်ကို အမှုဖွင့်အရေးယူဖို့အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့