ပုသိမ်မှာ လွှတ်တော်ကိုယ်စားလှယ်၂ဦးအပါဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်အတွင်းမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ အထူးတရားရုံးက လွှတ်တော်ကိုယ်စားလှယ် ၂ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက သိရပါတယ်။
ဒီကနေ့ မတ်လ ၃ရက်နေ့မှာ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးနဲ့ အခြား နိုင်ငံရေးအကျဉ်းသား ၄ဦးကို စစ်အုပ်စုက မတရားစွဲဆိုထားတဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ ဖမ်းထားတာဖြင့် ၁နှစ်ပြည့်တော့မယ် ဒီနေ့မှ အမိန့်ချလိုက်တာ၊ အကုန်လုံးကို သဘာဝဘေးနဲ့ အခုအမိန့်ချတာ”လို့ နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ပုသိမ်အကျဉ်းထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသား ၃၀၀ဦးကျော်ထိ ရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။