အာဏာသိမ်းပြီးနောက် အလုပ်ရပ်စဲခံရသူ သုံးပုံနှစ်ပုံလောက် ဥပဒေပါနစ်နာကြေးမရ

သြဂုတ် ၊ ၁၂

အာဏာသိမ်းပြီးနောက်နှစ်နှစ်ခွဲအတွင်း မြန်မာနိုင်ငံအတွင်း  အလုပ်ရပ်စဲခံရသူတွေရဲ့ သုံးဆယ်ရာခိုင်နှုန်း လောက်သာ ဥပဒေအရ ခံစားခွင့်ရှိတဲ့ နစ်နာကြေးတွေရရှိကြတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေး ရာအဖွဲ့(ILO)ကထုတ်ပြန်ပါတယ်။

 မြန်မာနိုင်ငံအတွင်း လုပ်ငန်းခွင်အခြေအနေနဲ့ပတ်သက်လို့ ILOကကောက်ယူခဲ့တဲ့စစ်တမ်းကို ထုတ်ပြန်လိုက် တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ခံရမူတွေ တရှိန်ထိုးမြင့်တက်ခဲ့တာကို ထည့်သွင်းဖော်ပြ ထားပါ တယ်။

 “အလုပ်ထုတ်နစ်နာကြေးဆိုတာက အရပ်သားအစိုးရလက်ထက်မှာတောင်အလုပ်ရှင်တွေက ရှောင်လွှဲချင်တာ၊ ဒီကာလမှာပိုဆိုးတာပေါ့၊အလုပ်သမားရုံးတွေကလည်းအားကိုးမရတဲ့အခြေအနေလေ”လို့ အလုပ်သမားအရေး တက်ကြွလူပ်ရှားသူတဦးကပြောပါတယ်။

ရန်ကုန်မြို့ရှိ ILO ရုံးရဲ့ထုတ်ပြန်ချက်မှာ အလုပ်အကိုင်ရပ်စဲမှုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်ခြင်းဖြစ်ပြီး၂၈ ရာခိုင်နှုန်းက အလုပ်ထုတ်ခံရတာလို့ဆိုပါတယ်။ ၂၀၂၁ နောက်ပိုင်းအလုပ် အကိုင်ရပ်စဲ မှု ဟာ ၂၃ဒသမ၅ ရာခိုင်နှုန်းအထိတိုးလာခဲ့ပြီး အလုပ်ထုတ်ပယ်မှု ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အလုပ်မှနှုတ် ထွက် မှုမှာ ၂၂ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်တပ်အာဏာလွှဲပြောင်း (အာဏာသိမ်း​)ပြီး​နောက်ပိုင်း ဌာနဆိုင်ရာကနေ အလုပ်အကိုင်ရပ်စဲမှု မြင့် တက်လာခဲ့ပြီးပညာရေးကဏ္ဍကအများဆုံး ဖြစ်တယ်လို့ ILO ကဖော်ပြပါတယ်။

အလုပ်အကိုင်ရပ်စဲခံရတဲ့အခါ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေရဲ့  ၂၉ဒသမ၅ ရာခိုင်နှုန်းကသာ ဥပဒေအရ ပြ ဌာန်း ထားတဲ့ အလုပ်ထုတ်နစ်နာကြေးကို ရရှိကြပြီး  အသသက် ၁၅နှစ်ကနေ ၂၄နှစ်အထိ ပါဝင်တဲ့ အမျိုးသမီးများ နဲ့လူငယ်အုပ်စုဝင်တွေဟာ အမျိုးသား​တွေနဲ့လုပ်သက်ရင့်အလုပ်သမားတွေထက် နစ်နာကြေးရရှိမှုနည်းပါးတယ် လို့ဆိုပါတယ်။

အလုပ်ပြန်လည်လုပ်ကိုင်သူထဲမှ ၇၀ ရာခိုင်နှုန်းက လခစားအလုပ်ကိုရှာတွေ့ကြပြီး ၃၀ ရာခိုင်နှုန်းဟာ မိမိ ကိုယ် ပိုင်လုပ်ငန်းကို လုပ်ကိုင်ကြကာလခစားအလုပ်ကို ပြန်လုပ်နိုင်ဖို့အချိန်ကာလအားဖြင့် ငါးလတာကြာမြင့်ကြ တာကို တွေ့ရတယ်လည်း ILOရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

 “မြန်မာနိုင်ငံကအလုပ်သမားတွေဟာ တမူထူးခြားစွာခက်ခဲတဲ့ အခြေအနေတွေကို အစုံလိုက်ရင်ဆိုင် နေကြရ တယ်၊ ဒီစစ်တမ်းက အလုပ်သမားအခွင့်အရေးတွေကို လေးစားပေးဖို့၊ပေးနေတဲ့ လူမှု ကာကွယ် စောင့်ရှောက် ရေးတွေက တိုးတက်ကောင်းမွန်ဖို့အပူတပြင်းလိုအပ်နေပြီဆိုတာကိုဖော်ပြနေတယ်” လို့ မြန်မာနိုင်ငံ ILO ရုံးရဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူး Donglin Liက  ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကလုပ်ငန်းခွင်တွေက လုပ်သား ငါးသန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ သလို သိန်း နဲ့ချီတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေးလူပ်ရှားမူ (CDM)ပြုလုပ်ခဲ့ကြတယ်လို့ အလုပ်သမားရေးရာ စစ်တမ်းတွေအရသိရပါတယ်။

အဲဒီလို အလုပ်လက်မဲ့ဖြစ်မှုတိုးမြင့်ခဲ့သလို လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေးဆိုးဆိုးရွား ရွားချိုး ဖောက်ခံရတာ၊ အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကိုဖမ်းဆီးထောင်ချတာတွေလည်းရှိနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေကပြောပါတယ်။