သြဂုတ်၊ ၄
ဆလပ်ရွက်တွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားပေါ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ချ်ခရိုင် အတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီမြန်မာနိုင်ငံသား ၅၂ ဦးထဲမှာ အမျိုးသမီးတွေရော အမျိုးသားတွေရော ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ကျွန်တော်တော့ ဒီသတင်းကို မသိသေးဘူး၊ ဒါပေမယ့် ဖမ်းတာကတော့ ဖမ်းမှာပဲ တောက်လျှောက်လည်း ဖမ်းနေတယ်၊ အခုက ဘတ်စာရင်းတွေ တင်ခိုင်းတဲ့ အချိန်ကိုလည်း ပိတ်လိုက်ပြီဆိုတော့ ပိုပြီးဖမ်းဦးမှာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထားပြီး သတင်းတွေကို နားစွင့်ပြီးတော့ သွားလာလုပ်ကိုင်သင့်တယ် ” လို့ အလုပ်သမားရေး ကူညီဆောင်ရွက်နေသူ ကိုသားကြီးက ပြောပါတယ်။
အခုဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို ဆလပ်ရွက်အထုတ်တွေအောက်မှာ သတ္ထုဘောင်တခု ပြုလုပ်ပြီး သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အသက်ရှုမဝလို့ မူးဝေနေတဲ့သူတွေ တွေ့ရသလို အနံ့အသက်တွေလည်း ဆိုးဝါးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား လေးသောင်းကျော် ဖမ်းမိခဲ့ပြီး အခုနှစ် နှစ်ဝက်ကာလမှာ ဖမ်းဆီးခံရသူ ဦးရေ ပိုမိုများပြားလာနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ယူဆကြပါတယ်။
“ တနေ့တနေ့ ခိုးဝင်လာတဲ့သူတွ အဖမ်းခံရတဲ့ သတင်းတွေ ကြားနေရတယ်၊ ကျွန်တော်တို့မှာ တိုင်းတာတဲ့နှုန်း တခုရှိတယ်၊ အဲဒါက ဖမ်းမိတယ်ဆိုတဲ့ လူဦးရေဟာ အမှန်တကယ် ထိုင်းကို ဝင်ရောက်လာတဲ့ သူတွေရဲ့ တဆယ် ရာခိုင်နှုန်းတောင် မရှိဘူးဆိုတာပဲ၊ ဒီပြဿနာတွေရဲ့ အဓိက အရင်းအမြစ်ကို မဖြေရှင်းနိုင်မချင်း ဒါတွေက ဖြစ်နေမှာပဲ ” လို့ LABOUR RIGHTS FOUNDATION (LRF)က ဦးအောင်ကျော်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်း အဆမတန်မြင့်တက်လာခဲ့ပါတယ်။ ဒီထဲက အများစုက တရားမဝင် နည်းလမ်းတွေနဲ့ သွားရောက်ကြတာ ဖြစ်ပြီး တဦးကို အနည်းဆုံး အမေရိကန် ဒေါ်လာ ၇၀၀ ဝန်းကျင် ကုန်ကျလေ့ရှိပါတယ်။
ISP Myanmar ရဲ့ ၂၀၂၃ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားတဲ့ စစ်တမ်းမှာ နယ်စပ်ဖြတ်ကျော်ရွေ့ပြောင်းသူ သန်းနဲ့ချီ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေတဲ့ ထိုင်းနိုင်ငံထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာကြတဲ့ မြန်မာနိုင်ငံသား နှစ်သန်းနီးပါးအထိ ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့် မှန်းထားကြပါတယ်။
ဓာတ်ပုံ – Courtesy of KhaoSod