ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့တော့မယ့် လီဗာပူး အသင်းခေါင်းဆောင်

ဇူလိုင် ၊ ၂၀

လီဗာပူးရဲ့ ဝါရင့် အသင်းခေါင်းဆောင်ကြီး ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ဘောလုံးပြိုင်ပွဲဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။

 အယ်လ်အစ်တီဖက် အသင်းဟာ ဟန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၂ သန်း ပေးချေဖို့ လီဗာပူးနဲ့ ညှိနှိုင်း အဆင်ပြေသွားပြီလို့ ဆိုပါတယ်။ အစောပိုင်း ကတည်းက အယ်လ်အစ်တီဖက်ဟာ ဟန်ဒါဆန်နဲ့ စာချုပ်ကိစ္စတွေ သဘောတူညီမှု ရထားပြီးသားပါ။ အသက် ၃၃ နှစ်အရွယ် အင်္ဂလန်သားဟာ လီဗာပူးမှာ လက်ရှိရနေတဲ့ လုပ်ခထက် ဆော်ဒီမှာ ၄ ဆလောက် ပိုရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

 ဟန်ဒါဆန်ဟာ လီဗာပူးနဲ့အတူ ဂျာမနီကို ရာသီကြို လေ့ကျင့်ရေး ခရီးစဉ် လိုက်ပါသွားခဲ့ပေမယ့် ကားလ်စ်ရူဟာကို ၄-၂ နဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ မပါဝင်ခဲ့ပါဘူး။ သူ့ကို အယ်လ်အစ်တီဖက်ရဲ့ မန်နေဂျာ၊ လီဗာပူး ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်က အသည်းအသန် လိုချင်ခဲ့တာမို့ ကလပ်အသင်းဖက်က ကမ်းလှမ်းပေးခဲ့တာလို့ ဆိုပါတယ်။ ဟန်ဒါဆန်ဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေဆဲပါ။

 ဟန်ဒါဆန်အပြင် လီဗာပူးရဲ့ အသက် ၂၉ နှစ်အရွယ် ဘရာဇီး ကွင်းလယ်လူ ဖေဘင်ညိုကလည်း ဆော်ဒီ ပရိုလိဂ်ဆီ ပြောင်းရွှေ့ အခြေချဖို့ မျှော်လင့်နေပြီး အသင်းနဲ့အတူ လေ့ကျင့်ရေး ခရီးစဉ်ကို လိုက်ပါ မသွားခဲ့ပါဘူး။ လီဗာပူးရဲ့ ကစားသမား တဦးဖြစ်တဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကတော့ စာချုပ်သက်တမ်း အကုန်မှာ ဆော်ဒီကလပ် အယ်လ်အာလီနဲ့ စာချုပ်သွားခဲ့ပြီး ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ၂၀၁၁ ခုနှစ် ကတည်းက ဆန်းဒါးလန်းကနေ လီဗာပူးကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးမှာ ၄၉၁ ပွဲကစားပြီး ၃၃ ဂိုး သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅၈ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်စတဲ့ အထင်ကရ ဆုဖလားတွေကိုပါ ကိုင်မြှောက်ခွင့် ရခဲ့ပါတယ်။