လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီလိမ်လည် ဝါဒဖြန့်

ဇူလိုင်၊ ၁၇

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ (ခ)ကိုဟိန်းမင်းအောင်ကို ဇူလိုင်လ ၁၅ ရက်က ဒုတိယအကြိမ် ဖမ်းဆီးမိတယ်လို့ ဒီနေ့ထုတ်စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာဖော်ပြထားတဲ့သတင်းဟာမဟုတ်မှန်ဘဲ  ဝါဒဖြန့်တာနဲ့စိတ်ဓာတ်စစ်ဆင်းရေးလုပ်ချင်လို့  ဖြစ်တယ်လို့ ကာယကံရှင်က DNA သတင်းဌာနကို ပြောပါတယ်။

‘’ကျွန်တော်ပြေးနေရတယ်ဆိုတာ သူတို့သိပြီးသားပဲ။ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေနဲ့ ကျွန်တော်ကဗေဒင်ဆရာဖြစ်တဲ့အတွက် ဘယ်နေရာရောက်ရောက် အွန်လိုင်းသုံးနေတဲ့အတွက် ဆက်ဆံရေးပျက်စေချင်တာလား။ ကျွန်တော်ထွက်လာအောင်တမင် လုပ်တာလားပေါ့ ။ကျွန်တော့် အထင်စိတ်ဓါတ်စစ်ဆင်ရေးလုပ်တဲ့ပုံစံ ပဲ “ လို့ ဗေဒင်ဆရာလင်းညို့တာရာက ပြောပါတယ်။

 လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို အခုလ၁၅ ရက်မနက်ပိုင်းက သူနေထိုင်ရာ တောင် ဥက္က လာ (၇)ရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာ တွေကနေဖော်ပြခဲ့ပါတယ်။

အသိပေးတားမြစ်ချက်တွေကို မျက်ကွယ်ပြုပြီး လူမှုကွန်ရက်ပေါ်မှာ တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေဖို့ ရည် ရွယ်ကာ လှုံ့ဆော်ရေးသားမှုတွေလုပ်ခဲ့တာကြောင့် Hein Min Aung(Linn Nhyo Taryar)အကောင့်ပိုင်ရှင်ကို ဖမ်း ဆီးခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လုံခြုံစိတ်ချရတဲ့ နေရာမှာရောက်ရှိနေတဲ့ ဗေဒင်ဆရာလင်းညို့တာရာကတော့ သူရဲ့လှုမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့တဲ့ စာသားတချို့ကြောင့် စစ်ကောင်စီအနေနဲ့ အခုလို ဝါဒဖြန့်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“  ဒီကစားပွဲနိုင်မယ် ကျွန်တော်တို့နိုင်တော့မယ် “ဆိုတဲ့ကိုယ်ရည်ညွှန်းတဲ့စာလေး တင်ပြီးဘယ်လိုခေါ်မလဲသူတို့ စိတ်ဓာတ်ပိုင်းဆိုင်ရာနည်းနည်းလေး အနာစပ်လို့လားတော့မပြောတတ်ဘူး။ အဲ့နောက်ပိုင်းမှာတုံ့ပြန်မှုများလာတယ်။  ချက်ချင်းဖမ်းမိပါတယ်ဆိုတဲ့ပို့စ်တတ်လာတယ်’’ လို့ ပြောပါတယ်။

 လူငယ်ဗေဒင်ဆရာတဦးဖြစ်သူ လင်းညို့တာရာဟာ စစ်တပ်က အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အစီအရင်တွေပြုလုပ်တယ်ဆိုပြီး ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်မှာတောင်ဥက္ကလာပ မြို့နယ်က နေအိမ်မှာဖမ်းဆီးခံရတာပါ။

အဲဒီနောက်စစ်ကောင်စီက  ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့တဲ့အတွက် အင်းစိန် ထောင်ထဲမှာလပေါင်း နှစ်ဆယ်ကျော်နေထိုင်ခံရပြီး ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ ၄ ရက်မှာရက်စေ့လို့ ပြန်လည်လွတ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာမွေးဖွားတဲ့ လူငယ်ဗေဒင်ဆရာလင်းညို့တာရာရဲ့ အမည်အရင်းကတော့ ဟိန်းမင်းအောင် ဖြစ်ပြီးတော့ သူရဲ့ ဗေဒင်ဟောပြောမှုနဲ့  ယတြာတွေကြောင့် လူမှုကွန်ရက်တွေမှာ လူသိများထင်ရှားတာဖြစ်ပါတယ်။

ဗေဒင်ဆရာ လင်းညို့တာရာကတော့ စစ်ကောင်စီက မဖမ်းမိပါဘဲ ဖမ်းမိပါတယ်ဆိုပြီး  လိမ်တယ်ဆိုရင် စစ်တပ်လော်ဘီတွေကထုတ်တဲ့သတင်းဟာလည်း လုံးဝယုံကြည်နိုင်စရာမရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ စဉ်းစားချင့်ချိန်ဖို့လိုတယ်လို့ဆိုပါတယ်။

‘’ ” စစ်တပ်လော်ဘီတွေကနေ ထုတ်ပြန်တဲသတင်းအများစုကို လက်ခံယုံကြည်စရာမသင့်ဘူးလို့ လက်မခံသင့်တာကိုလည်း ဒီတချက်နဲ့တင် ပြချင်တယ်ပေါ့နော် ။ကျန်တဲ့သတင်းတွေ မှန်တာ၊ မှားတာ ထားဦး။ ဥပမာ -မဖမ်းမိဘဲနဲ့ ဖမ်းမိပါတယ်ဆိုပြီးသတင်းတောင်မှ အမှားဖြစ်တယ် ဆိုရင်ကျန်တဲ့သတင်းတွေမှာလည်း အကုန်လုံးက ဂျင်းတွေကြီးပဲပေါ့နော် ဂျင်းသတင်းတွေပဲရှိနေလိမ့်ဦးမယ်’’ လို့ဆရာလင်းညို့တာရာက ပြောပါတယ်။