နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းလိုပါက မြန်မာပြည်သူတွေရဲ့ဆန္ဒကိုမဆန့်ကျင်ဖို့ တရုတ်နိုင်ငံကို NUCC တိုက်တွန်း

ဇွန်၊ ၂၄

မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ နှစ်နိုင်ငံရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းလိုတဲ့ ဆန္ဒ အမှန်တကယ်ရှိရင် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ဆန့်ကျင်တဲ့ဆောင်ရွက်မှုတွေကို သတိပြုရှောင်ရှားဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမြန်မာအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ချဉ်းကပ်ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ NUCC က သဘော ထားထုတ်ပြန်ချက်တရပ် ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းမှုကို မြန်မာပြည်သူတွေကသာ အာမခံ ချက်ပေးနိုင်မှာဖြစ်ပြီး စစ်ကောင်စီက အာမခံချက် ပေးနိုင်မှာမဟုတ်တာကို တရုတ်နိုင်ငံအနေနဲ့ သဘောပေါက် ဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမြန်မာ့အရေး တရုတ်နိုင်ငံရဲ့ချဉ်းကပ်ဆောင်ရွက်နေမှုတွေဟာ စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုသာ တွေ့ရတယ်လို့ NUCC ကထောက်ပြထားပါတယ်။

ဒီလိုဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ သဘော ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်တဲ့အပြင် မြန်မာ့ နိုင် ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပိုမိုရှုပ်ထွေးစေပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ကြာရှည် စေ နိုင်တယ်လို့လည်း ဝေဖန်ထားပါတယ်။

အာဏာသိမ်းကာလအစောပိုင်းမှာ မြန်မာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပေါ်ပေါ်ထင်ထင် ထိတွေ့ဆက်ဆံမှု မလုပ် ဘဲနောက်ကွယ်မှာပဲနေခဲ့တဲ့ တရုတ်နိုင်ငံဟာအခုနှစ်အတွင်းမှာတော့နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နေပြည် တော်ကိုလာ ရောက်ခဲ့တဲ့အထိ စစ်ခေါင်းတွေနဲ့ထိတွေ့မှုရှိခဲ့ပါတယ်။

အာဏာသိမ်းကာလတလျှောက် တရုတ်အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေတိမ်မြုပ်နေခဲ့ပေမယ့် တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဉ်နောက်ပိုင်းမှာတော့ ပြည်တွင်း တော်လှန်ရေး အင်အားစုတွေနဲ့ သပိတ်အင်အားစုတွေဟာ တရုတ်အစိုးရဆန့်ကျင်ရေးကြွေးကြော်သံတွေကို ကျယ်ကျယ်လောင်လောင် ပြန် လည်ကြွေးကြော်လာကြသလို တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေလည်းဆက်တိုက်ရှိခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေပြောင်းလဲသွားတာဟာ အခုနှစ် မတ်လ အတွင်းပြုလုပ်ခဲ့တဲ့ တရုတ်အမျိုး သားကွန်ဂရက်နဲ့ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ အပြီး ဦးဆောင်သူတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ တွေရဲ့သက်ရောက်မှုဖြစ်တယ်လို့ မြန်မာ့အရေးသုတေ သနစာတမ်းတွေထုတ်ပြန်နေတဲ့ ISP Myanmar က သုံး သပ်ထားပါတယ်။

အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေဖြစ်ခဲ့ပြီးနောက် တရုတ်အစိုးရသစ်ဟာ မြန်မာ့အရေးမှာ သူကိုယ် တိုင် ဦးဆောင်ဖြေရှင်းနိုင်မယ့် အိမ်နီးချင်းသံတမန်ရေးအလွှာသစ်ကိုလမ်းစဖွင့်ခဲ့ပေမယ့် ဒီချဉ်းကပ်မှုဟာ အာဏာ သိမ်းစစ်ကောင်စီကို ဒုတိယအခွင့်အရေးပေးတဲ့ပုံစံသာဖြစ်တယ်လို့ ISP Myanmarကဆိုပါတယ်။

တရုတ်အစိုးရရဲ့ မြန်မာ့အရေးဖြေရှင်းမှုဟာ ပဋိပက္ခတခုလုံး ချုပ်ငြိမ်းရေးထက် သူ့အကျိုးစီးပွားကို အခြေခံတဲ့ အိမ်နီးချင်းနိုင်ငံတည်ငြိမ်ရေး စဉ်းစားချက်ကို ပိုအလေးပေးသာတဲ့ အခြေအနေဖြစ်တယ်လို့လည်း ISP Myanmar ကသုံးသပ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ရဲ့ ဒီကနေ့ ကြေညာချက်မှာတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့ အရေး လုပ်ဆောင်ချက်တွေဟာမြန်မာပြည်သူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေပြီး နှစ်နိုင်ငံတည်ဆောက်ထားတဲ့ ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနဲ့ လက်ရှိအကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားတွေကို ကြီးကြီးမားမား ထိခိုက်နေတယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေကို နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချတာ၊ပံ့ပိုးကူညီတာ၊ထောက်လှမ်းရေးဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နေတာတွေကို တရုတ်နိုင်ငံအနေနဲ့ ရပ်တန့်ဖို့လိုတယ်လို့ NUCC က တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွား အများဆုံးဖြစ်သလို ပထဝီ အနေအထားအရ အရေး ပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် မြန်မာ့အရေးဖြေရှင်းရာမှာ တရုတ်နိုင်ငံရဲ့အရေးပါမှုကို အသိအမှတ်ပြု တယ်လို့လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ကပြောပါတယ်။

 အလားတူ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာ့အရေးကို လက်တွေ့ကျကျ ကူညီဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင် အားစုတွေ၊နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NUCC ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

photo လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစု