စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံး

မေ၊ ၃၁
 
မွန်ပြည်နယ်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် အဝေးပြေးလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားတဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် မေလ ၃၀ ရက် မနေ့က ဖြစ်ပွားခဲ့ပါတယ်။
 
“ သူ့အိမ်က လမ်းမဘေးနားမှာ၊ ပစ်ခတ်မှုဖြစ်တော့ သူက ကြောက်ပြီး၊ အိမ်အောက်ကို ဆင်းပြေးတဲ့အချိန်မှာ ဘယ်သူက ပစ်လိုက်တာတော့ မသိဘူး၊ လက်နက်ကြီးလား လက်နက်ငယ်လားတော့ မသိဘူး၊ အဲဒါထိပြီး သေသွားတယ် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အဲဒီလို နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ ထိခိုက်သေဆုံးခဲ့တဲ့သူဟာ အောင်သပြေ ကျေးရွာနေ အသက် ငါးဆယ်အရွယ် အရပ်သား ဦးစောမောင်စံသွင် ဖြစ်ပြီး ဘယ်အဖွဲ့ကပစ်တဲ့ ကျည်ဆန်ကြောင့် သေဆုံးတယ်ဆိုတာ မသိရဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။
 
အဲဒီပစ်ခတ်မှုဟာ စစ်ကောင်စီရဲ့ ရိက္ခာနဲ့ စစ်သားတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို တိုက်ခိုက်တာလို့ တောင်ညို ပြည်သူ့ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ပေမယ့် အဲဒီယာဉ်တန်းဟာ အမိန့်ချထားတဲ့ အကျဉ်းသားတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင် သွားတဲ့ယာဉ်တန်းလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ စစ်ကား လေးစီးနဲ့ ရိက္ခာကား ငါးစီးဟာ မေလ ၃၀ ရက် နံနက် ၉ နာရီခန့်က သံဖြူဇရပ်မြို့ ကနေ ရေးမြို့ဘက်ကို ဖြတ်သန်းလာချိန် ပိန္နဲတောရွာနဲ့ ရွာသာအေးရွာ ကြားမှာ တကြိမ်၊ ဘေးလမိုင်းရွာ အနီးမှာ တကြိမ် စုစုပေါင်းနှစ်ကြိမ် တောင်ညိုပြည်သူ့ပြောက်ကြားတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းကို လမ်းလုံခြုံရေးယူပေးဖို့ လာရောက်တဲ့ တခြားစစ်ကောင်စီယာဉ်တန်းကိုလည်း ရွာသာအေးရွာအနီးမှာ ထပ်မံ ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
“ သူတို့အဖွဲ့က သုံးကြိမ် ခြုံခိုတိုက်ခိုက်တာ၊ ပစ်ခတ်မှုတွေလည်း ဖြစ်ကြတယ်လို့ ပြောတယ်၊ လမ်းမပေါ်မှာပဲ။ အဲမှာ ပစ်ခတ်မှုအတွင်းမှာပဲ အရပ်သားတဦးက သေသွားတာကတော့ မှန်တယ်။ ရင်ဘတ်မှာ ကျည်တချက်ထိသွားတယ်လို့တော့ သိရထားတယ်ပေါ့နော်။ ပစ်ခတ်မှုက သိပ်မကြာဘူး၊ မိနစ်ပိုင်းလောက်ပဲ ပြောတယ်။ နေရာတခုဆိုရင်လေ ” လို့ အဲဒီတိုက်ခိုက်မှုဖြစ်စဉ်ကိုသိတဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ရေးမြို့နယ် ရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ အဲဒီယာဉ်တန်းဟာ တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်သလို စစ်ကားလေးစီးနဲ့ ရိက္ခာကား ငါးစီး မဟုတ်ဘဲ အမိန့်ချခံထားရတဲ့ သူတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင်ကို သွားပို့တဲ့ ယာဉ်တန်းဖြစ်တယ်လို့ ဆိုပါတယ်။
 
“ ကျွန်တော်တို့ သိတာက မနေ့က ဒီရေးတရားရုံးကနေ အမိန့်ချခံထားရတဲ့သူတွေကို ကျိုက်မရော ဗဟိုအကျဥ်းထောင်ကို သွားပို့တဲ့ ယာဉ်တန်းကို လုံခြုံရေးယူပေးတဲ့ ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာ၊ (စစ်ကောင်စီ)ထိခိုက်မှုက နှစ်ဦးလို့ပဲ သိတယ်၊ မသေပါဘူး၊ ဟိုဘက်အဖွဲ့ကလည်း အကျအဆုံးရှိတယ်။ အဲလိုတော့ စာတက်လာတယ် ” လို့ ရဲစခန်းနဲ့နီးစပ်သူက ပြောပါတယ်။
 
နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညို ပြည်သူ့ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
 
ဒါ့ကြောင့်ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ညို ပြည်သူ့ပြောက်ကြားတပ်ဖွဲ့တွေကို DNA သတင်းဌာနက လူမှုကွန်ရက်ကနေတဆင့် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်မဖြေကြားခဲ့ပါဘူး။
 
အဲဒီပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
သံဖြူဇရပ်မြို့နယ်နဲ့ ရေးမြို့နယ်အကြားက အဝေးပြေးကားလမ်းမကြီးပေါ်မှာဆိုရင် စစ်ကောင်စီယာဉ်တန်းတွေ ကင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က မကြာခဏ တိုက်ခိုက်လေ့ရှိနေတာကြောင့် စစ်ကောင်စီဘက်က အဲဒီလမ်းပိုင်းတလျှောက်မှာ လုံခြုံရေးမြှင့်တင်ထားပြီး ကင်းပုန်းဝပ်တာတွေ ရှိနေပါတယ်။
 
ဒါ့အပြင် ဒီလိုမျိုးနှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အခြေအနေမျိုးမှာဆိုရင်လည်း လမ်းသွားလမ်းလာအရပ်သားတွေ ကြားညှပ် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေရှိနေပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 
ဓာတ်ပုံ – KNU ဒူးပလားခရိုင်