ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် တောင်ခင်ရန်းရွာကပြည်သူတထောင်ဝန်းကျင်နေရပ် စွန့်ခွာတိမ်းရှောင်နေ

မေ၊ ၂၉

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ် ၊ တောင်ခင်ရန်းရွာရဲစခန်းမှာအခြေချတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ တွေက ရွာခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီးနောက်တပတ်အတွင်းမှာ အဲ့ဒီရွာက ဒေသခံ တထောင်ဝန်း ကျင်လောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ပြီးခဲ့တဲ့နှစ်ရက်သုံးရက်က အများဆုံးရှောင်ကြတယ်၊အများစုကတော့ တောထဲတွေကိုရှောင်ကြတယ်၊(မြစ်သာ) မြစ်အရှေ့ဘက်ကျေးရွာတွေနဲ့တခြားရွာတွေကိုရှောင်တဲ့ဟာတွေလည်းရှိတယ်၊ရှောင်တဲ့လူတော်တော်များတယ်” လို့ဒေသခံတဦးကပြောပါတယ်။

 ကျေးရွာကိုစွန့်ခွာတိမ်းရှောင်ကြသူတွေဟာ ရွာရှိလူဦးရေရဲ့ ထက်ဝက်နီးပါးလောက်အထိလည်းရှိနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းကြပါတယ်။အစိုးရမှတ်တမ်းတွေအရ တောင်ခင်ရန်းရွာဟာ လူဦးရေလေးထောင်ဝန်းကျင် လောက်နေထိုင်တဲ့ရွာဖြစ်ပါတယ်။

လတ်တလော နေရပ်စွန့်ခွာခဲ့ကြတဲ့ လူဦးရေ စာရင်းအတိအကျကိုတော့မသိရသေးပါဘူး။

“ကြောက်လို့ပြေးခဲ့ကြတော့တာ၊တချို့ကလည်း ပစ္စည်းတွေ၊ဝက်တွေကစ ရွာကနေသယ်ခဲ့ကြတယ်၊ တချို့လည်း ပြေးသာပြေးခဲ့တာဘာမှမပါတဲ့သူလည်းရှိတယ်” လို့ တောင်ခင်ရန်းရွာအနီးကဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ရွာမှာ ပျူစောထီးအဖွဲ့ဖွဲ့ဖို့ကြိုးစားနေပြီး ဝင်ရောက်သူတွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ပျူစောထီးအဖွဲ့ဖွဲ့ဖို့သူတို့ကပြောတယ်၊ရွာမှာကျန်နေတဲ့သူတွေထဲက ပျူစောထီးထဲဝင်သွားသူတချို့ရှိတယ်၊မ ဟုတ်တာလုပ်ထားတဲသူတွေပေါ့ဗျာ၊မဟုတ်တာလုပ်ထားတော့ ပြေးကပ်တော့တာပေါ့” လို့ ဒေသခံတဦး ကပြော ပါတယ်။

တောင်ခင်ရန်းရွာမှာ ရဲစခန်းထဲကနေ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တဦးကို မေ ၁၁ ရက်နေ့မှာ ဒေသခံ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ပြီး ဆိုင်ကယ်ကိုသိမ်းယူခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် အဲ့ဒီ စစ်ကောင်စီအဖွဲ့ဝင်သေဆုံးပြီး ကတည်းက တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ တောင်ခင်ရန်းရွာထဲမှာ ဘောင်းဘီရှည်မဝတ်ရ၊ လွယ်အိတ်မလွယ်ရ၊ ဆိုင်ကယ်နှစ်ယောက်မစီးရ၊ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ခဲ့သလို ရွာသားငါးဦးထက်မနည်းကိုလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကတော့ မြစ်သာမြစ်ထဲကနေ အလောင်းပြန်ဆယ်ယူခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“မေးစရာရှိတယ် ခေါ်လိုက်၊ပိုက်ဆံတောင်းလိုက်လုပ်တာတွေရှိတယ်၊ပိုက်ဆံကပြောင်ကိုတောင်းတော့တာ၊ ဒါ ကြောင့်မနေရဲကြတော့တာလည်းအဓိကထဲမှာပါတယ်” လို့ဒေသခံတဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုအားကောင်းတဲ့ဒေသတွေမှာ စစ်ကောင်စီက ပြည်သူ့စစ်အမည်ခံ ပျူ စောထီး အဖွဲ့တွေဖွဲ့ပြီး လက်နက်တပ်ဆင်ပေးတာ၊တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေမှာပါဝင် တိုက် ခိုက်စေတာမျိုးတွေ လုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာတော့ အဲ့ဒီလို ပျူစောထီးအဖွဲ့တွေ အားကောင်းတဲ့ရွာတွေကို ပျူစောထီးရွာ အ ဖြစ် ဒေသခံတွေနဲ့ တော်လှန်ရေး အဖွဲ့တွေက သတ်မှတ်လေ့ရှိပြီး အဲ့ဒီရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မျိုး တွေလုပ်လေ့ရှိသလို စစ်ကောင်စီကလည်း အဲ့ဒီရွာတွေမှာ တပ်စွဲစခန်းချနေထိုင်တာ၊လက်နက်တပ်ဆင် ပေး တာမျိုးတွေ လုပ်နေတာပါ။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ ပျူစောထီး အဖွဲ့ထဲဝင်ဖို့ ဖိအားပေးခံရတာကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးပြီး တောထဲမှာ၊နီးစပ်ရာရွာတွေမှာ သွားရောက်နေထိုင်ကြသူတွေလည်း အများအပြားရှိနေပါတယ်။