ကျောထောက်နောက်ခံအတွက် မဟာဗျူဟာ စီမံချက် ထားရှိရေး

မေ ၊ ၂၅

ကျောထောက်နောက်ခံအတွက်

မဟာဗျူဟာ စီမံချက် ထားရှိရေး

ကျောထောက်နောက်ခံ ရှာထားကြရမယ့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့သစ်တွေကို သတိပေးလက်တို့တဲ့ ဆောင်းပါးလို့ မှတ်ယူနိုင်ပါတယ်။ ဒါ့အပြင် ကျောထောက်နောက်ခံအဖြစ် ရွေးချယ် ချိတ်ဆက်ထားရမယ့်၊ မဟာဗျူဟာ စီမံချက် တချို့ကိုလည်း ကြိုတင် စဉ်းစားလုပ်ဆောင်ပြီး ဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ပြီး အမြော်အမြင်ရှိရှိ ၊ အမြင်ကျယ်ကျယ်နဲ့ ရေရှည်ကိစ္စကို ထည့်တွက်ပြီး — ကြိုတင် လုပ်ဆောင်ထားကြဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးပါတယ်။ (မင်းသေ့၊ ၂၃ မေ ၂၀၂၃) 

၁။ တော်လှန်ရေးအတွက် လက်နက်ကိုင်တပ်တစ်ခု ဖြစ်လာဖို့အတွက်ဆိုရင်၊ အရေးအကြီးဆုံးက ကျေထောက်နောက်ခံပါ။ ဒါကို မြန်မာပြည်အတွက် သီးသန့် ပြောတယ်လို့ မှတ်ပါ။ အခုမှ ပေါ်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့သစ်တွေ မပြောနဲ့။ ကိုလိုနီ လက်အောက်ခံဘဝက လွတ်အောင် ရုန်းဖို့အတွက် — လက်နက်ကိုင်တပ်ဖွဲ့ခဲ့တဲ့ ဆရာစံရဲ့ ဂဠုန်တပ်နဲ့ ဗိုလ်တေဇဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တောင် အတော်ကြီး ကွာခြားတာတွေ့ရပါတယ်။ ကျောထောက်နောက်ခံရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်နဲ့ ကျောထောက်နောက်ခံ မရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဟာ — အစကနဦးမှာ သိပ်ပြီး မကွဲပြားဘူး ထင်ရပေမယ့်၊ နောက်ပိုင်းမှာ တဖြည်းဖြည်း ကွာဟလာတာကို တွေ့ရမှာပါ။ 

၂။ လက်ရှိ မြန်မာပြည်တွင်းမှာ ဖြစ်တည်နေတဲ့ လူမျိုးစုလက်နက်ကိုင်တပ်အဖွဲ့ ကြီးတွေနဲ့၊ အစုအဖွဲ့ငယ်တွေရဲ့ ကွာခြားချက်ကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် လာရာသမိုင်းကောက်ကြောင်းကို လေ့လာသင့်ပါတယ်။ အင်မတန် လက်နက်လူသူအင်အား ကောင်းမွန်တဲ့ လက်နက်ကိုင်တော်လှန်ရေအစုအဖွဲ့ကြီးတွေမှာ၊ တနည်းနည်းနဲ့ ကျောထောက်နောက်ခံကို တည်ဆောက်ထားနိုင်တာတွေ့ရပါတယ်။ မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ နောက်ပိုင်း – စတဲ့ အဖွဲ့တွေရဲ့ ဖြစ်တည်မှုနောက်ခံကို အကြမ်းဖျင်းလေ့လာကြည့်ရင် သိနိုင် မြင်နိုင်ပါတယ်။ 

၃။ ကျောထောက်နောက်ခံမှာ — ကမ္ဘာ့စစ်ရေးအင်အားကြီးနိုင်ငံတွေရဲ့ backing ကို ဆက်ဆံရေးကောင်းအောင် စနစ်တကျ တည်ဆောက်ထားနိုင်ရင်၊ ပြည်တွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေမှာ ရေရှည်တည်တံ့မှု အားကောင်းတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံလို တတိယနိုင်ငံငယ်လေးအနေနဲ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲတဲ့အခါ၊ အင်အားကောင်း / အင်အားကြီး နိုင်ငံ တစ်နိုင်ငံ (သို့မဟုတ်) အင်အားကောင်းတဲ့ လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုခုရဲ့ ကျောထောက်နောက်ခံကို ရမထားရင် — ရေရှည်မှာ ရပ်တည်ဖို့အတွက် အခက်အခဲရှိနိုင်ပါတယ်။ ဘယ်လောက်ပဲ လူထုထောက်ခံအားရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်နေပါစေ၊ နိုင်ငံရေးအရ သော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ကျောထောက်နောက်ခံကို မှီခိုအားကိုးထားရတာတွေ ရှိပါတယ်။ ဒါဟာ ဒေါက်တိုင်လို့ ပြောလည်း ရပါတယ်။ 

၄။ လက်နက်ကိုင်တော်လှန်ရေးမှာ လူထုထောက်ခံအားနဲ့ လူထုယုံကြည်လက်ခံမှုကို ဦးစားပေးအနေနဲ့ တည်ဆောက်ရတာ ဖြစ်သလို၊ လက်နက်နဲ့ လူသူအင်အား ရပ်တည်မှုအတွက် – ဘဏ္ဍာရေးအင်အားကိုလည်း ဖြည့်တင်းကြရတာပါပဲ။ ရေရှည်စစ်ဖြစ်လာရင် — တစ်ပွဲတိုးနဲ့ အဆင်မပြေတော့ပါ။ အခုတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့သစ်တွေဟာ — ရတတ်သမျှ လူထုဆီက အလှူခံပြီး ဘဏ္ဍာငွေ အင်အားကို ဖြည့်တင်းနေကြတာပဲ။ ဒါပေမယ့် ဒါက ရေရှည်စဉ်ဆက်မပြတ် ရပ်တည်နိုင်မှုအတွက် အာမခံချက်ပေးထားတဲ့ အခြေအနေမှာ မရှိသေးပါဘူး။ လူထုဆီက အခွန်ငွေဟာ — လက်နက်ကိုင်တော်လှန်ရေးတပ်အတွက် နေဖို့ စားဖို့ ရနိုင်ပေမယ့် လက်နက်အင်အားဖြည့်တင်းနိုင်မှုအထိတော့ မျှော်လင့်ကိုးစားလို့ မရပါဘူး။ တစ်ဖက်မှာ မျက်စောင်းထိုးစရာက သယံဇာတနဲ့ ဘိန်းကိစ္စဆိုရင်လည်း သိပ် မဟန်သေးဘူး။ ကုန်သွယ်ရေးလမ်းမပေါ် ရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်အနေနဲ့ နယ်မြေစိုးမိုးမှုကို ယူထားနိုင်တဲ့ အခြေအနေဆိုရင်တော့ ကုန်သွယ်ခွန်ကနေ ရတဲ့ ဘဏ္ဍာငွေ ရင်းမြစ်ကို မျှော်ကိုးနိုင်သေးတယ်။ 

၅။ ကျောထောက်နောက်ခံကိစ္စဟာ — စစ်ရေးအရလည်း ပါဝင်သလို၊ နိုင်ငံရေးအရလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ့်အားကိုယ်ကိုးရပ်တည်ရှင်သန်နိုင်တဲ့အခြေအနေမရှိသေးရင် ရပ်တည်မှုအတွက် ဘဏ္ဍာငွေ အထောက်အပံ့ ကိစ္စအတွက်လည်း ဖြစ်ပါတယ်။ လက်နက်အင်အားကို အခြေပြုပြီး နိုင်ငံရေးအာဏာနဲ့ နိုင်ငံရေးဩဇာကို တည်ဆောက်တဲ့နေရာမှာ — လက်နက်ကိုင်တပ်ရှိရုံနဲ့ ချက်ချင်းလက်ငင်းရလာတာမျိုး မဟုတ်ပါ။ လက်နက်ကိုင်တော်လှန်ရေးဟာ– ဖြစ်စဉ် ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။ 

၆။ နွေဦးတော်လှန်ရေးမှာ — ပြည်မကို အခြေစိုက်ပြီး ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေ၊ ဒီကိစ္စကို အထူးပြု စဉ်းစားပါ။ ဒါ့ကြောင့် နိုင်ငံတကာက အလားအလာရရှိတဲ့ စစ်ရေးအင်အားကြီး ဒေသတွင်းနိုင်ငံတွေနဲ့ ချိတ်ဆက်နိုင်ဖို့ အသာထား။ ပြည်တွင်းက လူမျိုးစုလက်နက်ကိုင်အင်အားကြီး အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေး ချဲန်နယ်ဖွင့်ထားနိုင်ဖို့က အထူးအရေးကြီးတယ်။ မဟာမိတ်ဆက်ဆံရေးဆိုတာကတော့ — တန်းတူရည်တူ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး သုံးတာမျိုး၊ အင်အား မတိမ်းမယိမ်းရှိတဲ့ အဖွဲ့တွေ အချင်းချင်း သုံးတာမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာမိတ် ဆက်ဆံရေးလို့ တိုက်ရိုက် သုံးလို့ မသင့်သေးပေမယ့်၊ မြင်လွယ်အောင် ပြောရ / ရေးရတာဖြစ်ပါတယ်။ အထူးသဖြင့် မိမိတို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကို စစ်ရေးအရ၊ နိုင်ငံရေးအရ ကျောထောက်နောက်ခံရှိမှုကို အုတ်မြစ်ခိုင်ခိုင် တည်ဆောက်ထားဖို့ မဟာဗျူဟာ အမြင် ရှိထားရပါလိမ့်မယ်။ ဒါကို အထူးပြု စဉ်းစားကြဖို့ လိုပါတယ်။ 

 

၇။ လက်နက်ကိုင်တော်လှန်ရေးမှာ — မာန်နဲ့ ဟန်ဟာ အရေးပါတယ်ဆိုပေမယ့် ရေရှည်မှာ သိပ် သုံးလို့ မရပါ။ စစ်မာန်ဆိုတာလည်း အင်အား မရှိဘဲ၊ မာန်ပြင်းပြရင် — သင်္ကြန်အမြှောက်နဲ့ တူနေပါလိမ့်မယ်။ ဆန်မရှိဘဲ အစားမကြီးသင့်။ ဝ မရှိဘဲ ဝိ မလုပ်သင့်။ မိမိလမ်းစဉ်နဲ့ သင့်တော်တဲ့ လက်နက်ကိုင်အဖွဲ့ကြီးတွေရဲ့ အကူအညီ အပံ့အပိုးကို ရဖို့အထူး လုံ့လစိုက်ထုတ်သင့်တယ်။ ဒါ့အပြင် မိမိတို့ရဲ့ ရေရှည် လျှောက်လမ်းအတွက် ကြိုတင် တွက်ဆထားရမှာ ဖြစ်ပါတယ်။ ဟန်သာရှိပြီး အဆန်မရှိလို့ မရပါ။ 

မင်းသေ့ 

နေ့လယ် ၄း၀၃

၂၃ ၊ မေ ၊ ၂၀၂၃