မေ၊ ၂၂
နွေဦးတော်လှန်ရေးကာလအတွင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ကိုထူထောင်ပြီးနောက် နှစ်နှစ်အတွင်းမှာ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် (၃၂)ဦးအထိ ရှိလာပြီလို့ အဲ့ဒီတပ်ဖွဲ့က မနေ့က ထုတ်ပြန်အသိပေးထားပါတယ်။
CNDF တပ်ဖွဲ့ဝင်တွေထဲက တပ်ဖွဲ့ဝင်တွေ ပထမဆုံးကျဆုံးမှုရှိခဲ့တဲ့နေ့ကို အစွဲပြုပြီး မေလ ၂၁ရက်ကို ချင်းအမျိုး သားအာဇာနည်နေ့အဖြစ် CNDF က သတ်မှတ်ထားပြီး အဲ့ဒီနေ့အထိမ်းအမှတ်အဖြစ် မနေ့က ထုတ်ပြန်ချက် တရပ် ထုတ်ပြန်ခဲ့တာပါ။
နှစ်စဉ် မေလ ၂၁ရက်နေ့တွေမှာ ချင်းအမျိုးသားအဖွဲ့ချုပ် စိုးမိုးနယ်မြေတွေထဲ ရုံးပိတ်ရက်သတ်မှတ်တာ၊အလံတ ဝက်လွှင့်ထူတာ၊ဆုတောင်းအောက်မေ့ပွဲတွေကျင်းပတာနဲ့၊ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုအလေးပြု တာတွေပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။
CNO/CNDFဟာ ချင်းပြည်နယ် ဖလမ်းမြို့နဲ့ဆက်စပ်ဒေသတွေ၊စစ်ကိုင်းတိုင်းကလေးနယ်တွေထိ စစ်ရေးလှုပ် ရှား မှုရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းကာလ နှစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း (၁၂၀)ဝန်းကျင်ပါဝင် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်ဘန်းရွာ အနီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေ ၂၁ ရက်က CNO/ CNDF နဲ့ စစ် ကောင်စီတပ်တို့ တိုက်ပွဲမှာ CNO/ CNDF အဖွဲ့ဝင် Salai Cung Nawl Piang ကျဆုံးခဲ့ရတယ်လို့ CNO က အဲ့ဒီ နေ့မှာပဲထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးအပါအဝင်ခြောက်ဦးလည်း သေဆုံး ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက CNO/ CNDFဟာ ဖလမ်းမြို့နယ် ဗားရ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က (၁၀)ဦးကျော်သေဆုံးခဲ့ပြီး (၁၄)ဦးထက်မနည်းကို အရှင်ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။
ချင်းအမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အရှိန်အဟုန်မပြတ် ဆထက် တပိုး ထမ်းဆောင်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်ရဲ့မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ချင်းပြည်နယ်ဟာ စစ်တပ်ကအာဏာစသိမ်းတဲ့အချိန်ကတည်းက အမဲလိုက်တူမီးသေနတ်တွေနဲ့ စတင်တော်လှန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ မြို့ပေါ်နေရာတွေကလွဲပြီး နယ်မြေအများစုကို ချင်းတော်လှန်ရေး တပ်ဖွဲ့ တွေကသာစိုးမိုးထားတယ်လို့ဒေသခံတွေကပြောကြပါတယ်။