သုံးဆယ်ပေရွာတိုက်ပွဲမှာ စစ်အုပ်စု ၈ ဦးသေဆုံးပြီး (Speed Boat )ရေယာဉ်တစီးနစ်မြုပ်

မေ ၊ ၁၀

မန္တလေးမြို့ရဲ့မြောက်ဖက် မတ္တရာမြို့ရဲ့တောင်ဖက် ဧရာဝတီမြစ်ရဲ့ အရှေ့ဖက် ကမ်းနားမှာရှိတဲ့ သုံးဆယ်ပေရွာ အနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင် စစ်အုပ်စုဖက်မှာ ၈ ဦးသေဆုံးပြီး  (Speed Boat )ရေယာဉ်တစီးနစ်မြုပ်သွားတယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ )၊ကောင်ကင်တော်လှန်ရေး အင်အားစုက ကိုကောင်းကင်က DNA ကိုပြောပါတယ်။

ဒီလ ၈ ရက်၊နေ့လယ်နှစ်နာရီတန်းကျင်မှာ သုံးဆယ်ပေရွာ ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်နှစ်စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို စုပေါင်းကျွန်းနားမှာ တိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။

” သူတို့က မတ္တရာဖက်ကို တက်လာတာပါ။ အင်အားက ၄၀ လောက်ပါလာတယ်။ ကျနော်တို့က သတင်းရလို့ စောင့်ပစ်တော့ ၈ ဦးသေသွားတယ်။ ရှေ့ပြေးအနေနဲ့ပါလာတဲ့ ရေယာဉ်တစီးလည်း နစ်မြုပ်သွားပါတယ်။ မြုပ်သွားတဲ့နားမှာ လက်နက်ဆယ်ဖို့ လုပ်သေးတယ် ။သူတို့လက်နက်ကြီးတွေနဲ့ ပစ်နေလို့ မဆယ်တော့ပဲထားခဲ့လိုက်တာပါ ” လို့ ကိုကောင်းကင်က ပြောပါတယ်။

နာရီဝက်ကျော်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပကဖဖက်က အထိအခိုက်မရှိခဲ့ပဲ စစ်အုပ်စုဖက်က သိမ်းဆည်းရမိတာပစ္စည်းတချို့ရှိပေမယ့် လုံခြုံရေးအရ သူကအသေးစိပ်ပြောပြာဖို့ မဖြစ်သေးဘူးလို့ဆိုပါတယ်။

“တိုက်ပွဲဖြစ်သွားတာလည်းဟုတ်တယ် ။မော်တော်တစီးမြုပ်သွားတာလည်း ဟုတ်ပါတယ်။ မော်တော်က စစ်ဖက်သုံးတော့မဟုတ်ဘူး ကယ်ဆယ်ရေးလုပ်ရင် သုံးတဲ့ ဖိုက်ဘာနဲ့ လုပ်တဲ့ မော်တော်မျိုးပါ။ သူတို့( စစ်အုပ်စု) အထိနာတော့ မန္တလေးဆိပ်ကမ်းဖက်ကို ပြန်ဆုတ်သွားတယ်နောက်မှာ လူမူရေးကားတွေနဲ့ ပြန်ရောက်လာပြီး ထိတဲ့ကောင်တွေကို ပြန်လာသယ်တာပါ။ သွေးလိုတယ်ဆိုပြီး အဲနေ့က ရွာထဲပတ်ရှာနေကြသေးတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

တိုက်ပွဲမှာ စစ်အုပ်စုဖက်က ကျဆုံးသွားတဲ့ အခြေအနေအသေးစိပ်ကိုတော့ DNA ကသီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီလ ၄ ရက်နေ့တုန်းကလည်း မန္တလေးမြို့မှ ဆိုင်ကယ်နဲ့ သွားရင် မိနစ် ၂၀ လောက်သာ မောင်းရတဲ့ သုံးဆယ်ပေရွာမှာ စစ်အုပ်စုနဲ့ ပြင်ဦးလွင်ခရိုင် ပကဖ အဖွဲ့တို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပါသေးတယ်။

ဒါအပြင် မေလ ၇ ရက်နေ့ မနက် ၂ နာရီလောက်ကလည်း မတ္တရာမြို့နယ် မြွေပုံကန်ရွာရှိ စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦးက ရွာအရှေ့ပိုင်းမှာ ရှိတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ခွဲတခုဖြစ်တဲ့ ညောင်မြစ်ကို လှေနဲ့ ကူးစဉ် လှေမှောက်ပြီး ၆ ဦးသေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း စတဲ့မြိုနယ်တွေနဲ့ ဧရာဝတီမြစ်သာခြားတဲ့ မတ္တရာမြို့ အနောက်ဖက် မြစ်ကမ်းပါးက ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်နေသလို တချို့ရွာတွေမှာ စခန်းချပြီး စစ်ကိုင်းဖက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်တာတွေလည်း လုပ်နေတာပါ။

ပုံစာ-မတ္တရာမြို့နယ် ၊မြွေပုံကန်ရွာရှိညောင်မြစ်အတွင်းမေလ ၇ရက်က ရေနစ်သေဆုံးတဲ့စစ်ကောင်စီတပ်သားခြောက်ဦးအနက်တဦးကိုတွေ့ရစဉ်။