အမရပူရမြို့နယ် လဝကရုံး ဗုံးပစ်တိုက်ခိုက်ခံရ၊ ဒုဦးစီးမှူးအပါအဝင် သုံးဦးဒဏ်ရာရ

မေ၊ ၆

မန္တလေးတိုင်း အမရပူရမြို့နယ် မှန်တန်းရပ်ရှိ လဝကရုံး မနေ့ကညနေပိုင်းမှာ ဗုံးပစ်တိုက်ခိုက်ခံရလို့ လဝက ဒု-ဦးစီးမှူး အပါအဝင် သုံးဦးထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက အတည်ပြုပြောပါတယ်။
 
အမရပူရမြို့အဝင် ကပ်ကျော်ဘုရားအနီး မှန်တန်းရပ်ကွက် နယ်မြေ ၅/ကမှာရှိတဲ့ မြို့နယ်လဝကရုံးကို မနေ့က မေလ ၅ ရက် ညနေ ၆ နာရီကျော်လောက်မှာ ဆိုင်ကယ်စီးလာတဲ့ အမည်မသိ အမျိုးသားနှစ်ဦးက လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုကြပါတယ်။
 
” အဲ့ဒီရုံးက ခဏတိုင်း (ဗုံး)ထုခံနေရတာလေ၊ မနေ့က လူမှ(ကူညီ)ရေး ကားတွေ ရုံးဘက်လာတယ်ပြောတယ်၊ စစ်ကိုင်း-မန္တလေးကားလမ်းအနောက်ဖက်က လမ်းကြားလေးထဲမှာ ရုံးကရှိတာပါ၊ အဲ့ဖက်ကသွားရင် ကန်တော်ကြီးဘက်ထွက်လို့ရတယ်၊ စစ်ဆေးရေးကတော့ ပုံမှန်ပါပဲ၊ ကင်းပုန်းဝပ်စစ်တာတွေတော့ ရှိပါတယ် ” လို့ အမရပူရမြို့ဒေသခံ တဦးကပြောပါတယ်။
 
အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရုံးခေါင်မိုးအပါအဝင် ရုံးအတွင်းက ကားတစီးလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲဒီရုံးရဲ့ ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းဆိုသူနဲ့ နောက်ထပ်အမျိုးသမီးဝန်ထမ်းနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာတွေရခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ အခုလ ၁ ရက် ကလည်း အမရပူရမြို့နယ်၊ ဈေးချိုတိုက်နယ်၊ ပိန်းတန်းရပ် မန္တလေး – စစ်ကိုင်း ကားလမ်းပေါ်က အမရပူရမြို့နယ်ရဲစခန်း ၄၀ မမ လောင်ချာနဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။
 
အဲဒီပစ်ခတ်မှုက ရဲစခန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းအနီး ကျရောက်ပေါက်ကွဲခဲ့လို့ ရဲတဦးရဲ့အသက်ခြောက်နှစ်အရွယ် ကလေးတဦးသေဆုံးခဲ့သလို ရဲတပ်ဖွဲ့မိသားစုဝင် သုံးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 
ဓာတ်ပုံ – စစ်အုပ်စုတယ်လီဂရမ်