ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတဦး သေဆုံးရပြန်

ဖေဖော်ဝါရီ၊ ၇
 
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘိုအကျဉ်းထောင်မှာ ဖေဖော်ဝါရီလ ၄ ရက်က နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတဦး ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
“အဓိက ဆေးကုသခွင့် ကောင်းကောင်းမရတာပေါ့ဗျာ၊ ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် ပေးနေလိုသလိုလိုနဲ့ ဘာမှထိရောက်တဲ့ ကုသမှုမရတော့ ဆုံးသွားရတာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM )တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။
 
ထောင်တွင်းမှာ ဆေးကုသခွင့် အပြည့်အဝမရဘဲ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးဟာ ၂၀၂၁ ခုနှစ် မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားဖမ်းဆီးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
 
အဲဒီနောက် အောင်မြင်သာစံမြို့နယ် အမှတ် (၆) နယ်မြေရဲစခန်းနဲ့ အမှတ် (၈) နယ်မြေရဲစခန်းမှ ပုဒ်မ ၅၀၅(က)နဲ့ တရားလို ပြုလုပ်ကာ အိုးဘိုထောင်တွင်းတရားရုံးက မယဉ်မိုးကို ထောင်ဒဏ်ခြောက်နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
 
ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မယဉ်မိုးဟာ အိုးဘိုအကျဉ်းထောင်ကနေတဆင့် မြင်းခြံအကျဉ်းထောင်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထောင်ပြောင်းရွေ့ခံခဲ့ရပြီး မြင်းခြံထောင်တွင်းမှာ ကျန်းမာရေး မကောင်းတဲ့အတွက် မန္တလေး အိုးဘိုအကျဉ်းထောင်ကို ထပ်မံပြောင်းရွေ့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
မယဉ်မိုးဟာ သူ့ရဲ့ရောဂါကို ပြင်ပဆေးရုံမှာ ဆေးကုသခွင့် ရယူလိုကြောင်း ထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပြီးနောက် ရောဂါသက်သာပျောက်ကင်းတဲ့အထိ ကုသခွင့်မပေးခဲ့ဘဲ လုံခြုံရေးမပေးနိုင်တဲ့ အကြောင်းပြချက်နဲ့ ထောင်ထဲကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
 
“ပြပြီးတာနဲ့ ချက်ချင်းပြန်လာရတယ်၊ ဘာရောဂါဖြစ်လို့ ဖြစ်မှန်း မသိဘူး၊ လုံခြုံရေး မပေးနိုင်လို့တဲ့ ဆေးရုံမှာကျ၊ နောက်ဆုံး ကျောက်ကပ်ရောဂါရှိတာ သိတဲ့အချိန်က သူမဆုံးခင် နှစ်လအလိုမှ သိတာ၊ သိတဲ့အချိန် သွေးသွင်းဖို့ လိုအပ်တာ အချိန်မီ မပို့ပေးဘူး” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ မယဉ်မိုးဟာ အခုနှစ်တလကျော်အတွင်း စစ်ကောင်စီရဲ့အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရလို့ သေဆုံးခဲ့ရတဲ့ ငါးဦးမြောက် နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။
 
အခုနှစ် ဇန်နဝါရီလအတွင်းမှာပဲ အကျဉ်းထောင်တွေမှာ ဆေးဝါးကုသခွင့် မရလို့ နိုင်ငံရေးအကျဉ်းသား လေးဦး သေဆုံးခဲ့ပါသေးတယ်။
 
ဒါ့အပြင် ၂၀၂ ၃ ခုနှစ်မှာ နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ စာရင်းတွေအရ သိရပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံထားရသူ (၂၅၉၈၇) ဦး ရှိပြီး အဲဒီထဲက ၂၀၀၄၇ ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈၇၅၂ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပုံစံအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေက အရင်ကထက် ပိုမိုများပြားလာသလို အကျဉ်းထောင်တွေမှာ ဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့နိုင်ကျဉ်းတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
 
ဒီလိုမျိုး နိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်နေရာယူပြီး နိုင်ငံရေးအကျဉ်း သားတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အနိုင်ကျင့်စော်ကားတာတွေ ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ လုပ်ဆောင်လာတယ်လို့ သူတို့ကဆိုပါတယ်။
 
“အခုက တိုက်ဆိုင်မှုလည်း မဟုတ်တော့ဘူး၊ ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုပဲ၊ ကိုယ်တွေထောင်မှာ ရှိတုန်းက ဒီလောက်ထိ မကြားခဲ့ရဘူး၊ အခုက ယုတ်မာမှု နည်းလမ်းပေါင်း သောင်းခြောက်ထောင်နဲ့ အညိုးကြီးကြီးထားပြီး လုပ်နေကြတာ၊ တရားမျှတမှုအတွက် သူတို့မဖြစ်မနေ ပေးဆပ်ရမှာပါ” လို့ အာဏာသိမ်းပြီးနောက် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရပြီး ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက မှတ်ချက်ပြုပါတယ်။
 
ဓာတ်ပုံ – PPNM