သေဒဏ်အပါအဝင် မတရားပြစ်ဒဏ်ချမှတ်မှုတွေကိုဆန့်ကျင်တဲ့ လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

မေ ၊ ၅

ဗကသကျောင်းသား ကိုကောင်းဆက်ပိုင်အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူတွေကိုဖမ်းဆီး၊ သေဒဏ်ချမှတ်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့တနေရာမှာ ဗကသ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

“ဖက်ဆစ်စစ်တပ်အနေနဲ့ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်ကို မတရားဖမ်းဆီးပြီး သေဒဏ်ချမှတ်တာ အပါအဝင် တောင်ပေါ် မြေပြန့် ဒေသအသီးသီးက ပြည်သူလူထုတွေ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးထောင်ချတာ သေဒဏ်အမိန့် မတရားချမှတ်နေတာတွေကို ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်”လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုအမှုဆောင် တဦးကDNA ကို ပြောပါတယ်။ 

 “တော်လှန်ရေးသမားကို သေဒဏ်ချရုံနဲ့ တော် လှန်ရေးက သေဒဏ်မကျဘူး”ဆိုတဲ့ စာသားပါဘန်နာတွေကိုင်ဆောင်ပြီး ပြုလုပ်ခဲ့ကြတဲ့ အဲ့ဒီလှုပ်ရှားမှုမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)နဲ့ လူ့ဆဘာင်သစ်လူငယ်(YNS)အဖွဲ့ဝင်တွေပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက  ထောင်ဒဏ်တသက်တကျွန်း အမိန့်ချထားရာက  သေဒဏ်အမိန့် ထပ်တိုး ချမှတ်ထားပါတယ်။ 

ကိုကောင်းဆက်ပိုင်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က ရန်ကုန်မှာ ဖမ်ဆီး ခံခဲ့ရပြီး အခုနှစ်မတ်လ ၂၂ မှာ အင်းစိန်ထောင်တွင်း  စစ်ခုံရုံးကနေ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့နဲ့ တသက်တကျွန်း အမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီနောက် ပြီးခဲ့တဲ့ဧပြီ ၂၅ ရက်မှာတော့ သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

ကိုကောင်းဆက်ပိုင်ကို သေဒဏ်အမိန့်ချမှတ်တာဟာ တဖက်သတ်စီရင်ချက်ဖြစ်လို့ ဗကသအနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပြီး ဗကသရဲဘော်တွေအပါအဝင် လူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စစ်အုပ်စုအနေနဲ့ တနေ့မှာ မလွဲမသွေ တာဝန်ယူရမယ်လို့ ဧပြီလ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ မေလ ၄ ရက်အထိ မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၂ ဦးနဲ့ အကျဉ်းထောင်အသီးသီးမှာ သေဒဏ် ချမှတ်ခံထားရသူ ၁၁၂ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကသတင်းထုတ်ပြန်ထားပါတယ်။ 

နိုင်ငံတဝန်းအကျဉ်းထောင်တွေထဲက သေဒဏ်ချမှတ်ခံထားရသူ ၃၈ဦးကို သေဒဏ်ကနေ တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲပေးလိုက်တယ်လို့ စစ်ကောင်စီက ဧပြီ ၃ရက်မှာကြေညာထားပါတယ်။