မန္တလေးမြို့ စက်မှု(၁) ဈေးရှေ့က “ထိပ်တန်း” ရွှေဆိုင်ဓားပြတိုက်ခံရ

ဧပြီ၊ ၁၉

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ဈေးပေါက်မှာရှိတဲ့ရွှေဆိုင်တဆိုင်မှာ ဒီကနေ့ ဧပြီလ ၁၉ ရက် နေ့ လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ကျပ်သိန်း(၂၇၀၀)ဝန်းကျင်တန်ဖိုးရှိ ရွှေထည်တွေ ပါသွားတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေ၊ဒေသခံတွေက ပြောကြပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ (၆၂)လမ်း၊ (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြားက “ထိပ်တန်း” ရွှေဆိုင်ကို သေနတ်တလက်နဲ့ ဓားရှည်တွေကိုင်ထားတဲ့  အမျိုးသားလေးဦးက ဓားပြဝင်တိုက်ခဲ့တာလို့ဆိုပါတယ်။

” ဘယ်သူမှ မသိလိုက်ဘူး၊ ရဲတွေဘာတွေရောက်တော့မှ ဓားပြတိုက်ခံရတယ်လို့ သိကြတာပါ၊စက်မှုဈေးဆိုတော့ နေရာကလူအတော်စည်တယ်၊ လမ်းဆိုရင်လည်း ကားကြီးတွေနဲ့ သွားလာနေတဲ့နေရာပါပဲ၊တရားခံတွေမိတယ်ဆိုတာတော့ မကြားမိဘူးဗျ၊ ပစ္စည်းတွေတော့ အတော်များတယ်ပါသွားတာ ” လို့ ဖြစ်စဉ်ကိုသိတဲ့ဒေသခံ တဦးကပြောပါတယ်။

အဲဒီရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ လာတဲ့အမျိုးသားလေးဦးက သေနတ် တလက်နဲ့ ဓားရှည်တွေကိုယ်စီကိုင်ကာ ဆိုင်အတွင်းဝင်ရောက်လာပြီး ခြိမ်းခြောက်ဓားပြတိုက်ခဲ့တာလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ထားပါတယ်။

ဓားပြ တိုက်ခံရတာကြောင့် ရွှေဆိုင်အတွင်းခင်းကျင်းထားတဲ့ရွှေထည်လက်ဝတ်ရတနာတွေအပါအဝင် ကျပ် သိန်း(၂၇၀၀)ဝန်းကျင် တန်ဖိုးရှိတဲ့ ရွှေထည်တွေ ပါသွားတယ်လို့ သိရပြီး ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရွှေဆိုင် တာဝန်ရှိသူတွေကိုတော့ DNAက ဆက်သွယ်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း မန္တလေးမြို့လယ်ကောင်ရှိ ရွှေသန့်စင်ဆိုင်တဆိုင်ကို ဓားပြတိုက်ကာ ကားပေါ် တင်နေတဲ့ ကျပ်သိန်းထောင်ချီပါ ငွေထုပ်တွေ လုယက်ခံရမှုဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီဓားပြတိုက်မှုမှာ ပါဝင်ခဲ့သူတွေလို့ဆိုကာ စစ်ကောင်စီက အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကတော့ ထွက်ပြေးဖို့ ကြံစည်ရာက ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးသွားတယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။