မြဝတီကုန်သွယ်ရေးဇုန်အနီးမှာ တိုက်ပွဲဖြစ်နေ

မတ်၊ ၂၅
 
ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ မြဝတီကုန်သွယ်ရေးဇုန်မှာ ဒီကနေ့ မတ်လ ၂၅ ရက် မနက်ပိုင်းကနှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကုန်သွယ်ရေးဇုန်မှာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ဂိတ်စွဲထားတဲ့နေရာကို KNU/KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ ဒေသခံတချို့ရဲ့ပြောဆိုချက်အရ သိရပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေသလို မြဝတီမြို့က သင်္ကန်းညီနောင်ရဲစခန်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
‘’ ရဲတွေကို လက်နက်ချဖို့ အော်ပြောနေသံတွေလည်း ကြားနေရတယ်။ ကျွန်တော်တို့ကို ကုန်သွယ်ရေးဇုန်နားမှာ မနေခိုင်းတော့ဘူး။ လောလောဆယ်ဇုန်ဘေးက စစ်တပ်ထိုင်နေတဲ့ ဂိတ်လည်း မီးလောင်နေတယ်။ လက်နက်သံတွေက မြို့ထဲကအထိ ကြားနေရတုန်းပဲ။ အခုထိမရပ်သေးဘူး။ ဂျိုင်းတံတားက ပိတ်ချလိုက်ပြီ’’ လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် မြဝတီတောင်ပေါ်လမ်းနဲ့ လမ်းပိုင်းတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိနေသလို ကုန်သွယ်ရေးဇုန်အနီးက အဆောက်အဦတချို့လည်း မီးလောင်ပျက်စီးနေတာကို ဒေသခံတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေထားကြတာ တွေ့ရပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေပြီး မြဝတီမြိုမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေလည်း တောက်လျောက်ကြားနေရတယ်လို့ ဒေဿခံတွေက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်း တိုက်ပွဲနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ပြောတာ မတွေ့ရသေးပါဘူး။
ဓာတ်ပုံ – CJ