အာတိတ် သမုဒ္ဒရာမှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုများလာတဲ့အပေါ် စောင့်ကြည့်နေကြောင်း နော်ဝေးပြော

မတ်၊​ ၂၅

အာတိတ် သမုဒ္ဒရာထဲမှာ ရုရှားရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ပိုမို ခြေရှုပ်လာတာကို သတိကြီးကြီး စောင့်ကြည့်နေကြောင်း NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ နော်ဝေးက ထုတ်ပြန်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားရဲ့ ရေငုပ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ လှုပ်ရှားမှုဟာ အာတိတ် သမုဒ္ဒရာထဲမှာ သိသိသာသာ ထူထပ်လာခဲ့တယ်လို့ နော်ဝေးက ဆိုပါတယ်။ အဲဒီအတွက်လည်း နော်ဝေး ရေတပ်ဟာ ကမ်းလွန် ပင်လယ်ပြင်က အရေးကြီးတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေ လုံခြုံရေးအတွက် ကင်းလှည့်မှုတွေကို ပိုမို မြှင့်တင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

NBC သတင်းဌာနက ထုတ်ပြန်တဲ့ ဗီဒီယို မှတ်တမ်းတွေမှာ အာတိတ်ဒေသအပေါ် ရုရှားရဲ့ ခြိမ်းခြောက်နိုင်စွမ်း မြင့်တက်လာနိုင်တဲ့ အထောက်အထား၊ အချက်အလက်တွေကို တင်ပြထားပါတယ်။ အဲဒီ ဗီဒီယိုထဲက မှတ်တမ်းမှတ်ရာ​ အတော်များများကို နော်ဝေး တော်ဝင်ရေတပ်က ရိုက်ကူး ရယူပေးထားတာ ဖြစ်ပါတယ်။ 

အာတိတ် ရေပြင်မှာတော့ ရုရှား ရေငုပ်သင်္ဘောတွေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်တဲ့ နော်ဝေး ရေတပ် သင်္ဘောတွေက ကြောင်နဲ့ကြွက် ပြေးတမ်းလိုက်တမ်းလို အားပြိုင်လေ့ ရှိကြပါတယ်။ နော်ဝေး ကမ်းလွန် ရေပြင်မှာ ဥရောပဆီ အလုံးအရင်း တင်ပို့တဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေ၊ အမေရိကန်နဲ့ ဥရောပကြား သွယ်တန်းထားတဲ့ ဆက်သွယ်ရေး ရေအောက် ကေဘယ်လ်ကြိုးတွေ ရှိနေပါတယ်။

နော်ဝေး တော်ဝင်ရေတပ်ရဲ့ အဆိုအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အာတိတ် ရေပြင်မှာ ရုရှားရဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေနဲ့ လေယာဉ်တွေ လှုပ်ရှားမှုက ပိုမို ထူထပ် များပြားလာနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် မြောက်ဝင်ရိုးစွန်းနဲ့ ပိုနီးတဲ့ ရေပြင်တွေဖက်မှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် တွေ့နေရတယ်လို့ ဆိုပါတယ်။ 

ဒီအခြေအနေကြောင့် နော်ဝေးကလည်း သက်ဆိုင်ရာ ရေပြင်တွေမှာ စစ်ရေး လှုပ်ရှားမှုတွေကို မဖြစ်မနေ မြှင့်တင်ခဲ့ရကြောင်း၊ အာတိတ်ရဲ့ မဟာဗျူဟာ အခင်းအကျင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကနဲ့ ဘာမှ မဆိုင်အောင် အကြီးအကျယ် ကွဲပြားသွားကြောင်း နော်ဝေး ရေတပ် အကြီးအကဲ နောက်တန်း သေနာပတိ ရူနီ အန်ဒါဆန်က မှတ်ချက် ပေးခဲ့ပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ တနှစ်အတွင်း ရုရှားရဲ့ အာတိတ်ဒေသ စစ်ရေးလှုပ်ရှားမှုတွေ ဘယ်လောက် အတိုင်းအတာထိ မြင့်တက်လာသလဲ ဆိုတာကိုတော့ သူက တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။

NBCရဲ့ မှတ်တမ်း ဗီဒီယိုထဲမှာတော့ အာတိတ် သမုဒ္ဒရာထဲမှာ ရုရှားရဲ့ Yasen-class တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ၊ နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ Borei-class ရေငုပ်သင်္ဘောတွေ၊ TU-142နဲ့ Ilyushin Il-38 အမျိုးအစား ထောက်လှမ်းရေးနဲ့ ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေး လေယာဉ်တွေကို တွေ့ရှိရပါတယ်။

Ref: NBC