ရွှေစာရံဘုရားပွဲက ပြန်လာတဲ့ ကားတစီး ပစ်ခတ်ခံရလို့ ကလေးငယ်တဦးအပါအဝင်သုံးဦးသေဆုံ

မတ်၊ ၈
 
မန္တလေးတိုင်း၊မြင်းခြံ- နွားထိုးကြီးသွားကားလမ်းမပေါ်မှာ ကားတစီးပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာပါလာတဲ့ ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေနဲ့ စစ်လော်ဘီတွေက ဆိုထားပါတယ်။
 
မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ် ရွှေစာရံဘုရားပွဲကို သွားရောက်လည်ပတ်ခဲ့ပြီး ပြန်လာတဲ့ အိမ်စီးကားတစီး မနေ့က မတ်လ ၇ ရက်၊ည ၁၀ နာရီလောက်မှာ မြင်းခြံမြို့ နဲ့ နွားထိုးကြီးမြို့နယ်အကြား သင်ပြွန်းရွာလမ်းခွဲအနီးမှာ အိမ်စီးကားတစီးပစ်ခတ်ခံခဲ့ရတာပါ။
 
အဆိုပါဖြစ်စဉ်နဲ့ ပက်သက်ပြီး သတင်းသာကြားထားသေးသော်လည်း မည်သည့်အဖွဲ့က လုပ်ဆောင်တာဆိုတာ မသိရသေးဘူးလို့ နွားထိုးကြီး ပီဒီအက်ဖ်နဲ့နီးစပ်သူ တဦးကဆိုပါတယ်။
 
” ကျနော်တို့လည်း သတင်းပဲကြားထားသေးတယ် ။သေချာအတည်ပြုထားတာမရှိသေးပါဘူး။ သေချာတာက ကျနော်တို့ ထုတ်ထားတဲ့ စည်ကမ်းတွေရှိတယ် ။ညခင်းဆိုရင် ၉ နာရီကျော်ရင် မထွက်ရဘူး ။မှန်တွေချမောင်းကြဖို့ စည်းမျဉ်းတွေရှိပါတယ်။ ဒါတွေနဲ့ မကိုက်ညီဘူးလားဆိုတာတော့ စဉ်းစားစရာဖြစ်တယ်။ အိမ်စီးကားလား စခကားလားဆိုတာ မသိရသေးသလို ဘယ်သူလုပ်တယ်ဆိုတာ သေချာမသိရသေးဘူး ” လို့ သူကဆိုပါတယ်။
 
အဲဒီဖြစ်စဉ်မှာ ဦးသန်းထိုက်စိုး (၃၉နှစ်)၊ဒေါ်ငြိမ်းသန္တာလင်း(၃၄နှစ်)နဲ့ ရွှေဘုန်းသစ်(၆နှစ်)တို့မှာ အခင်းဖြစ်ရာ နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးတို့ ပြင်းထန်ဒဏ်ရာတွေနဲ့ဆေးဝါးကုသနေရတယ်လို့ စစ်လော်ဘီတွေက ဆိုကြပါတယ်။
 
အလားတူပဲ မြင်းခြံမြို့နယ်၊ မြင်းခြံ-နွားထိုး ကားလမ်းမပေါ်၊ ညောင်ပင်ရွာ အရှေ့ဘက်နားမှာ ကျောက်ဆည်ဘက်က ပြန်လာတဲ့ ကားတစီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ မြင်းခြံမြို့၊ အမှတ်(၁၁)မှ အမျိုးသား တဦး၊ ကလေးတဦးနှင့် တောင်သာမြို့မှ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ဆိုထားပါတယ်။
 
အဲဒီပစ်ခတ်မှုကို စစ်ကောင်စီဖက်ကတော့ ဒေသကာကွယ်ရေးအဖွဲ့တွေ လုပ်တယ်ဆိုပြီး စွပ်စွဲတာတွေ လုပ်နေပါတယ်။
 
ဒါပေမယ့် ပစ်ခတ်မှုတွေနဲ့ပတ်သတ်ပြီးဘယ်အဖွဲ့ကဆောင်ရွက်တယ်ဆိုတာသတင်းထုတ်ပြန်တာလည်းမရှိသေးပါဘူး။