မတ်၊ ၆
ချမ်းသာကြွယ်ဝတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအပေါ် လက်ရှိထက် ပိုပြီး ထောက်ပံ့ကူညီပေးသင့်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ချမ်းသာတဲ့ နိုင်ငံကြီးတွေက ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံငယ်တွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်ဇ်က ဝေဖန်သွားခဲ့ပါတယ်။ ကာတာနိုင်ငံ၊ ဒိုဟာမှာ ကျင်းပခဲ့တဲ့ ဖွံ့ဖြိုးမှုနှုန်း အနိမ့်ဆုံး နိုင်ငံများ အစည်းအဝေးကို မတ် ၅ ရက်က တက်ရောက်ချိန်မှာ ဂူတာရက်ဇ်က အခုလို မှတ်ချက် ပေးခဲ့တာပါ။
ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုနှုန်း အနိမ့်ဆုံး နိုင်ငံပေါင်း ၄၀ ကျော်ရဲ့ ခေါင်းဆောင်တွေကို လိပ်မူတဲ့ မိန့်ခွန်းမှာ ဂူတာရက်ဇ်က ချမ်းသာတဲ့ နိုင်ငံကြီးတွေ အနေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို လက်ရှိထက် နှစ်စဉ် ဒေါ်လာ ၅၀၀ ဘီလီယံလောက် ပိုမို ထောက်ပံ့သင့်တယ်လို့ ထည့်ပြောသွားခဲ့ပါတယ်။
LDC ညီလာခံလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အစည်းအဝေးကို ၁၀ နှစ်တကြိမ် ကျင်းပလေ့ရှိပြီး အခုတကြိမ်ကိုတော့ ၂၀၂၁ နောက်ပိုင်း ကပ်ရောဂါ ဂယက်ကြောင့် ၂ နှစ်တာ ဆိုင်းငံ့ခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေ စာရင်းဝင် မြန်မာနဲ့ အာဖဂန် နစ္စတန်တို့ကိုတော့ လက်ရှိ အုပ်စိုးနေသူတွေကို ကုလသမဂ္ဂက အစိုးရအဖြစ် အသိအမှတ် မပြုတာကြောင့် LDC အစည်းအဝေးကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။ ပြီးတော့ ဒီအစည်းအဝေးကို ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေလည်း မတက်ရောက်ခဲ့ပါဘူး။
နိုင်ငံငယ်တွေ အနေနဲ့ အရင်းအမြစ်၊ သယံဇာတတွေ ခေါင်းပါး ပြတ်လပ်လာတဲ့အခါ၊ အကြွေးနွံ နစ်တဲ့အခါ၊ ကပ်ရောဂါ ကြီးစိုးခဲ့တဲ့ ကာလတလျှောက် မမျှတတဲ့ တဖက်စောင်းနင်း ကိုင်တွယ်မှုတွေနဲ့ ကြုံခဲ့တဲ့အခါ စီးပွားရေး အရလည်း ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ကြုံလာရတယ်လို့ ဂူတာရက်ဇ်က ဆိုပါတယ်။
ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံငယ်တွေက ကပ်ရောဂါ အဆိုးဆုံး ဖိစီးနေတဲ့ ကာလတွေအတွင်း ဥရောပ၊ မြောက်အမေရိက နိုင်ငံတွေနဲ့ ယှဉ်ရင် ကာကွယ်ဆေး ခွဲတမ်း အရမ်း နည်းနည်းလေးပဲ ရခဲ့တာကိုလည်း အခု ညီလာခံမှာ ထောက်ပြ အရေးဆိုခဲ့ပါတယ်။
ဒီကိစ္စမျိုးတွေအပြင် နိုင်ငံကြီးတွေက ရုပ်ကြွင်းလောင်စာ စွမ်းအင် ကုမ္ပဏီကြီးတွေက အကျိုးအမြတ်တွေ တနင့်တပိုး ရယူနေတဲ့အချိန် တခြား ကမ္ဘာ့နိုင်ငံ အများအပြားမှာ သန်းပေါင်းများစွာသော ပြည်သူတွေက စားဖို့တောင် နပ်မမှန် ဖြစ်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ နိုင်ငံကြီးတွေက ဆင်းရဲတဲ့ နိုင်ငံတွေကို ပံ့ပိုးတယ် ဆိုတာကလည်း သူတို့ရထားတဲ့ အကျိုးအမြတ်နဲ့ ယှဉ်ရင် ရေပုံးကြီးထဲက ရေတစက်စာလောက်သာ ရှိတယ်လို့ ဂူတာရက်ဇ်က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံငယ်တွေဟာ ဒစ်ဂျစ်တယ် တော်လှန်ရေး ရေစီးကြောင်းမှာ နောက်ကျ ကျန်နေခဲ့တဲ့အပြင် ယူကရိန်း စစ်ပွဲရဲ့ ဂယက်ကြောင့်ပါ စားနပ်ရိက္ခာနဲ့ လောင်စာစရိတ်တွေ ဖိစီးတဲ့ဒဏ်ကို ပိုပြီး ခံစားနေရကြောင်း ဂူတာရက်ဇ်က ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးပြီး နိုင်ငံ အများစုဟာ တနှစ်တာ ဝင်ငွေရဲ့ ၀.၁၅ ကနေ ၀.၂ ရာခိုင်နှုန်းထိ နိုင်ငံငယ်တွေဆီ ခွဲဝေထောက်ပံ့ ကူညီပါ့မယ်ဆိုတဲ့ ကတိကို မတည်ခဲ့ကြောင်းလည်း ကုလသမဂ္ဂ အကြီးအကဲက စွပ်စွဲ ပြောဆိုခဲ့ပြီး နိုင်ငံငယ်တွေမှာ လက်ရှိ ကြုံနေတဲ့ ပြဿနာတွေ ပြေလည်စေဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြှင့် ချဲ့ထွင်ဖို့၊ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့ နောက်ထပ် နှစ်စဉ် အနည်းဆုံး ဒေါ်လာ ၅၀၀ ဘီလီယံလောက် အကူအညီ လိုအပ်နေကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။
Ref: Reuters