ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာ ပြန်စာ

မတ်၊ ၆

ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာ ကဏ္ဍအတွက် အယ်ဒီတာ့ထံ ဆွေးနွေးချက်မေးခွန်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က ကိုကျော်မင်းက မေးမြန်းထားတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အဲသည့် မေးခွန်းကတော့ — ဖက်ဒရယ်စနစ်မှာ လုပ်ပိုင်ခွင့်အာဏာတွေ ရောထွေးတာမျိုး၊ ရှုပ်ထွေးတာမျိုး၊ အငြင်းပွားတာမျိုးဖြစ်ရင် ဘယ်လို ဖြေရှင်းလေ့ရှိပါသလဲလို့ မေးမြန်းထားတာဖြစ်ပါတယ်။ 

ကိုကျော်မင်း မေးမြန်းထားတဲ့ မေးခွန်းကို ချုပ်လိုက်ရင် ဒါကို power disputed ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒါကို ဖက်ဒရယ်စနစ်တွေမှာ ကြုံလေ့ကြုံထရှိပါတယ်။ အထူးသဖြင့် ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ အကြားသော်လည်းကောင်း၊ ပြည်နယ်အစိုးရ အချင်းချင်းအကြားသော်လည်းကောင်း အာဏာအငြင်းပွားမှု၊ လုပ်ပိုင်ခွင့် အငြင်းပွားမှု‌တွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင့်သုံးတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရှင်းလင်းပြတ်သား တိကျစွာ ရေးသားမထားဘဲ၊ ယေဘုယျသဘော ရေးသားပြဋ္ဌာန်းချက်မျိုးတွေ များပြားနေရင် အာဏာအငြင်းပွားမှုတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး အာဏာအငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ ကြားဝင်ဖြေရှင်းပေးနိုင်တဲ့ အေဂျင်စီ တစ်ခု ရှိရပါတယ်။ အဲသည့် အခြေခံဥပဒေခုံရုံးလို့ ခေါ်တဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ အခြေခံဥပဒေခုံရုံး (constitutional court) ဟာ လွတ်လပ်သောအစုအဖွဲ့ / အဖွဲ့အစည်း (independence agency) တစ်ခု ဖြစ်ရပါလိမ့်မယ်။ အဲသည်လိုကျမှသာ လွတ်လပ်သော တရားစီရင်ခွင့်ကို ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

အခြေခံဥပဒေခုံရုံးဟာ – ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အနက်အဓိပ္ပာယ်ဖော်ပေးရပါတယ်။ ဒါကို interpretation လုပ်တယ်လို့ သုံးနှုန်းပါတယ်။ ဒါ့အပြင် အခြေခံဥပဒေခုံရုံးဟာ — အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ပုဒ်မတွေကို အနက်ဖော်ပေးရတဲ့အပြင် သက်ဆိုင်ရာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ / သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ပြုလုပ် ပြဋ္ဌာန်းတဲ့ အမိန့် ညွှန်ကြားချက် ၊ နည်းဥပဒေနဲ့ သက်ဆိုင်ရာဥပဒေတွေဟာ အခြေခံဥပဒေရဲ့ ဘောင်ကို ကျော်လွန်ခြင်း ရှိ / မရှိ စောင့်ကြည့်ရပါတယ်။ ဒါ့ကြောင့် အာဏာအငြင်းပွားမှုတွေ ဖြစ်လာခဲ့ရင်လည်း အခြေခံဥပဒေကို ဆွဲကိုင်ပြီး ဖြေရှင်းပေးရပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အာဏာအငြင်းပွားမှုတွေ ဖြစ်လာရင် အခြေခံဥပဒေ ခုံရုံးနဲ့ ဆုံးဖြတ်ချက်ကို လိုက်နာကြရပါတယ်။ ဒါဟာ ဖက်ဒရယ်စနစ်မှာ အာဏာ လုပ်ပိုင်ခွင့်တွေ အငြင်းပွားလာကြရင် အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ရယူပြီး ဖြေရှင်းလေ့ရှိတယ်လို့ သိထားနိုင်ပါတယ်။ 

 

အယ်ဒီတာ 

Delta News Agency 

၆ – မတ် – ၂၀၂၃