ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတဲ့နောက် ဂါဇာက စစ်ရေးပစ်မှတ်တွေကို အစ္စရေးလေတပ် တိုက်ခိုက်

အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်သွေးကြွ စခန်းလို့ စွပ်စွဲတဲ့ နေရာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပါတယ်။

 ဂါဇာကနေ အစ္စရေး ပိုင်နက်ဖက်ကို ဒုံးကျည် ၆ စင်း ပစ်လွှတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး အစ္စရေး လေတပ်က သတ်မှတ်ထားတဲ့ ပစ်မှတ် နေရာတွေကို တုံ့ပြန် တိုက်ခိုက်ခဲ့တာပါ။ ဇန်နဝါရီ ၂၇ ရက်က ဆင်နွှဲတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ အသေအပျောက် သတင်းတော့ မကြားခဲ့ရပါဘူး။

 ဒီလေကြောင်း တိုက်ခိုက်မှုဟာ နောက်ထပ် ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးတပ်တွေ အကြမ်းပတမ်း စီးနင်းမှုကြောင့် ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့တဲ့ ကိစ္စအပြီးမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 ဂါဇာ အခြေစိုက် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေက အဲဒီစီးနင်းမှုအတွက် အစ္စရေးကို ကလဲ့စားချေမယ်လို့ ကြုံးဝါးပြီးတဲ့နောက် အစ္စရေး နယ်မြေတွေကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဇန်နဝါရီ ၂၆ ရက်မှာ ဂါဇာဖက်က ပစ်လွှတ်ခဲ့တဲ့ အနည်းဆုံး ဒုံးကျည်နှစ်စင်းကို အစ္စရေး လေကြောင်းကာကွယ်ရေး တပ်တွေက ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် နာရီပိုင်း အကြာမှာပဲ အစ္စရေးဖက်က တိုက်လေယာဉ်တွေ ပျံတက်လာပြီး ဂါဇာက ပစ်မှတ်တွေကို ဗုံးကြဲခဲ့ပါတော့တယ်။

 ဂါဇာ အခြေစိုက် ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့တစ်ခုဖြစ်တဲ့ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ် (PIJ)က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ပါတယ်။

 အခုသီတင်းပတ် အစောပိုင်းက အနောက်ဖက် ကမ်းခြေမှာရှိတဲ့ ဂျီနင်မြို့ ဆင်ခြေဖုံးက ဒုက္ခသည် စခန်း တစ်ခုကို အစ္စရေးတပ်တွေ ဝင်ရောက် စီးနင်းခဲ့တဲ့နောက် အစ္စရေး-ပါလက်စတိုင်း တင်းမာမှုတွေ အမြင့်ဆုံး အခြေအနေကို ပြန်ရောက်လာခဲ့ပါတယ်။ အစ္စရေး စစ်ဘက်က သူတို့ဟာ တိကျတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ PIJ အကြမ်းဖက် ယူနစ်တစ်ခု ခိုအောင်းနေတဲ့ နေရာကို ဝင်ရောက် စီးနင်းခဲ့တာလို့ ပြောပါတယ်။

 အဲဒီဖြစ်စဉ်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အရပ်သားတွေပါ သေဆုံးခဲ့ပါတယ်။ အစ္စရေးကတော့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ သေနတ်သမား ၃ ဦးကိုသာ ရှင်းလင်းခဲ့ပြီး စတုတ္ထမြောက် အကြမ်းဖက်သမားက လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။