ယူကရိန်းဆီ နည်းပညာ အမြင့်ဆုံး တိုက်ပွဲဝင် တင့်ကားတွေ ပေးပို့မှာလို့ အမေရိကန် အတည်ပြု

အမေရိကန်ဟာ ယူကရိန်းဆီကို သူတို့ရဲ့ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး ဗားရှင်းဖြစ်တဲ့ တိုက်ပွဲဝင် တင့်ကားတွေ ပေးပို့သွားမယ်လို့ သိရပါတယ်။ 

အစောပိုင်းမှာ အမေရိကန်က ယူကရိန်းအတွက် M1 Abrams တင့်ကား ၃၁ စီး ပေးပို့သွားမယ်လို့ပဲ ကြေညာထားခဲ့ပေမယ့် ဘယ်မျိုးကွဲလဲ ဆိုတာကို အတိအကျ မပြောထားပါဘူး။ အခုအခါမှာတော့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လက်ထောက် ပြန်ကြားရေး အရာရှိချုပ် ဆာဘရီနာဆင်းက ယူကရိန်းဆီ ပေးပို့မှာဟာ M1A2 မျိုးကွဲ တင့်ကားတွေ ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။ 

အမေရိကန်ဟာ M1တွေကို ၁၉၇၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး နည်းပညာနဲ့ ဒီဇိုင်းပိုင်းမှာ စဉ်ဆက်မပြတ် မြှင့်တင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ M1တွေကို ယေဘုယျ အနေနဲ့ ဗားရှင်း ၃ မျိုး ခွဲခြားနိုင်ပြီး M1၊ M1A1နဲ့ M1A2လို့ သတ်မှတ်ထားပါတယ်။ အဲဒီထဲမှာ M1A2တွေဟာ ပစ်အား ပိုပြင်းတဲ့ အမြောက်တွေ၊ ပိုမို မာကျောတဲ့ သံချပ်ကာ အကာအကွယ်တွေ၊ ပိုပြီး ခေတ်မီတဲ့ နည်းပညာ အထောက်အပံ့တွေ တပ်ဆင်ထားပါတယ်။

အမေရိကန် ကြည်းတပ်ဟာ လတ်တလောမှာ M1A2တွေနဲ့ နောက်ဆုံးတစ်ဆင့် မြှင့်တင်ထားတဲ့ M1A2 SEP တင့်ကားတွေကိုသာ အဓိက သုံးစွဲနေပါတယ်။ ယူကရိန်းဆီကို ပေးပို့မယ့် တင့်ကားတွေကလည်း မျိုးဆက်ဟောင်း M1တွေ မဟုတ်ဘဲ M1A2တွေ ဖြစ်မယ်လို့ ဆင်းက ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ M1A2 တင့်ကားတွေ လတ်တလော ပိုပိုလျှံလျှံ ရှိမနေတာကြောင့် ယူကရိန်းဆီ ပို့ဆောင်ရေး ကိစ္စက လပိုင်းလောက် ကြာဦးမယ်လို့လည်း သူက မှတ်ချက် ပေးပါတယ်။ 

M1A1တွေဟာ Analog စနစ်နဲ့ ထိန်းကျောင်းရတာ ဖြစ်ပေမယ့် M1A2တွေမှာတော့ စနစ်အားလုံးက Digital အထောက်အပံ့နဲ့ လည်ပတ်ပါတယ်။ အဲဒီ မျိုးကွဲနှစ်ခု ကွာခြားပုံနဲ့ ပတ်သက်လို့ ကိုရီးယားရောက် အမေရိကန် တပ်တွေကို ကွပ်ကဲခဲ့ဖူးသူ အငြိမ်းစား ကြည်းတပ် ဗိုလ်ချုပ်ကြီးဟောင်း ရောဘတ် အက်ဘရမ်စ်က ရှေးခေတ် ကြိုးဖုန်း တစ်လုံးနဲ့ iPhoneလောက်နီးပါးလောက် ကွဲပြားတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ တန်ချိန် ၇၀ ဝန်းကျင်လောက် လေးလံတဲ့ တင့်ကားတွေရဲ့ Abramsဆိုတဲ့ နာမည်ဟာ သူ့ဖခင် ကရေတန် အက်ဘရမ်စ်ကို အစွဲပြု ဂုဏ်ပြုပြီး မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်ရဲ့ တင့်ကားတွေဟာ ယူကရိန်းရဲ့ အမိမြေ ကာကွယ်ရေး မဟာဗျူဟာ စစ်ရေး ရည်မှန်းချက်တွေ အောင်မြင်အောင် ထိထိရောက်ရောက် ပံ့ပိုးနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ 

လက်ရှိ အခြေအနေတွေအရ M1A2တွေထဲမှာ နောက်ထပ် ၃ မျိုး ထပ်မံ ခွဲခြားထားပေမယ့် ယူကရိန်းဆီ ဘယ်အမျိုးအစားကို ပေးပို့မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ အစောပိုင်းမှာ အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိတွေက ယူကရိန်း စစ်သည်တွေ အနေနဲ့ Abramsတွေကို ထိန်းချုပ် ကိုင်တွယ်ဖို့အတွက် အရမ်း ပြင်းထန် ထိရောက်တဲ့ လေ့ကျင့်မှုတွေနဲ့ စဉ်ဆက်မပြတ် မွမ်းမံ ထိန်းသိမ်းမှုတွေ လိုအပ်လိမ့်မယ်လို့ ပြောကြားထားဖူးပါတယ်။