ဝမ်းဟိုင်းဌာနချုပ်အပေါ် တိုက်လေယာဥ် အနိမ့်ပျံသန်းမှု ရန်စစော်ကားတဲ့လုပ်ရပ်လို့ SSPP ပြော

ရှမ်းပြည်နယ်၊ကျေးသီးမြို့နယ် ဝမ်ဟိုင်းမြို့က ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ပေါ်ကနေ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ကအကြောင်းမကြားပဲ အနိမ့်ရှပ်ပျံသန်းမှုဟာရန်စစော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPP/SSAဘက်က ပြောဆိုလိုက်ပါတယ်။

“ဒါဟာ ကင်းထောက်တာ မဟုတ်ဘူး၊ တိုက်ပွဲတွေမှာပြတဲ့ တိုက်လေယာဉ်ရဲ့ လုပ်နိုင်စွမ်းကို လာပြတဲ့သဘောဖြစ်တယ်၊ဒါမျိုး လေယာဉ်ရှိတယ်၊ ဒါမျိုးစွမ်းရည်ရှိတယ်လို့ လာပြတာ” လို့ SSPP/SSA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က DNA ကိုပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ် YAK-130 အမျိုးအစား ဂျက်တိုက်လေယာဉ်နဲ့ SSPP/SSA ဌာနချုပ်အပေါ် အနိမ့်ရှပ်ပျံသန်းခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (NSPNC)နဲ့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ အဖွဲ့တွေ နေပြည်တော်က NSPNC ဌာနမှာ တွေ့ဆုံ နေချိန်ဖြစ်တယ်လို့ SSPP/SSA ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို တိုက်လေယာဥ်ပျံသန်းတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ဆီ ဆက်သွယ်မေးမြန်းရာမှာRCSS/SSA ဥက္ကဌ နဲ့ ဆွေးနွေးပွဲ လုပ်နေချိန်ဖြစ်လို့ သူကိုယ်တိုင် မသိရသေးကြောင်း ပြောတယ်လို့ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။

“အဲဒါက ဘယ်လိုကြောင့် ဝင်လာသလဲပေါ့လေ၊ ကျွန်တော်တို့ ဘက်မှာကတော့ နည်းနည်း သံသယဖြစ်တာပေါ့၊ကျွန်တော်တို့ ဆက်ဆံရေးကနေ နေ ပြည်တော်ကို လှမ်းမေးကြည့်တော့ သူတို့က မသိရသေးဘူးပေါ့ဗျာ၊RCSS ငြိမ်းချမ်းရေး ကိုယ် စားလှယ်နဲ့ ကျွန်တော်တို့ ဆွေးနွေးနေတာ ဖြစ်တယ်တဲ့၊ အဲဒါကြောင့်မို့ ဒီဟာကို အသေးစိတ် မသိရသေးဘူး၊ သိရရင် အကြောင်းပြန်ပါမယ်ဆိုတဲ့ ဟာပေါ့လေ” လို သူက ပြောပါတယ်။

ဒါအပြင် RCSS/SSA က နေပြည်တော်ကိုသွား ရောက် တွေ့ဆုံတိုင်း SSPP/SSA မှာ ဒီလိုဖြစ်ရပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့အတွက် တိုက်ပွဲအချိန် မရွေးဖြစ်နိုင်လို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“လက်နက်ကိုင်ထားရကတည်းက ရန်သူရှိနေတယ်ဆိုတာ၊ သူတို့ ဘက်တော်သား မဟုတ်တဲ့ အခြေ အနေမှာ အချိန် အခါမရွေး ထဖြစ်နိုင်တယ်ဆိုတာ စစ်သားတိုင်း သိသင့် သိထိုက်တဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ” လို့ ဗိုလ်မှူး စိုင်းဖုန်းဟန်ကပြောပါတယ်။

RCSS နဲ့ SSPP နှစ်ဖွဲ့လုံးဟာ ရှမ်းပြည်နယ် အ ခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ပြီး အဖွဲ့နှစ်ခုကြား အားပြိုင်မှုတွေ၊တိုက်ပွဲတွေလည်းမကြာမကြာဖြစ်လေ့ရှိပါတယ်။

SSPP/SSA တပ်ဖွဲ့ဟာ အင်အားကြီး ‘ဝ’လက်မက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSA အဖွဲ့ကျောထောက် နောက် ခံပေးထားတဲ့ လက်နက်တပ်ဖွဲ့ဖြစ်ပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတာပါ။

နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနမှာ ဒုတိယဗိုလ် ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အဖွဲ့နဲ့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဒီကနေ့တွေ့ဆုံနေတယ်လို့ RCSS ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။