ဘူးသီးတောင်မြို့နယ်မှာ တောဆင်ရိုင်းနင်းခံရလို့ ဆယ်တန်းကျောင်းသားတဦး သေဆုံး

ဘူးသီးတောင်မြို့နယ် အထက်ပိုင်း စံညင်းဝေကျေးရွာမှာ ရိတ်သိမ်းထားတဲ့စပါးပုံကို စောင့်အိပ်နေတဲ့ ဆယ်တန်းကျောင်း သားတစ်ဦး တောဆင်ရိုင်းနင်းခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စပါးတွေကို ဆင်တွေ လာစားမှာစိုးလို့ ဒီဇင်ဘာလ ၃၁ ရက်ညမှာ ညအိမ်စောင့်နေချိန် ဆင်နင်းခံရတာ ဖြစ် တယ်လို့ ဆိုပါတယ်။ ဆင်းနင်းခံရလို့ သေဆုံးသွားသူဟာ စံညင်းဝေရွာအနီးက ဝါချိလ္လာရွာခံ အသက် ၁၈ နှစ်အရွယ်ဆယ်တန်း ကျောင်းသားဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
“ဆင်တွေက ခဏခဏရောက်ကြတယ်၊ စပါးသိမ်းချိန်ဆို ပိုဆင်းကြတယ်၊စပါးစားဖို့ ဆင်းကြတာ၊အဲဒီမှာ တလင်းစောင့်အိပ်နေတဲ့ကောင်လေးကို နင်းသွားတာပါ၊ဆုံးသွားပါတယ်”လို့ စံညင်းဝေရွာသားတစ်ဦးက DNA ကို ပြောပါ တယ်။
စံညင်းဝေရွာတဝိုက်အပါအဝင် ဘူးသီးတောင်မြို့နယ်အတွင်းက ဒေသခံတွေဟာ တောဆင်ရိုင်းတွေရဲ့ အန္တရာယ်နဲ့နှစ်စဉ်ကြုံနေကြရတာဖြစ်ပြီး ဆင်းနင်းခံရလို့ သေဆုံးသူလည်း နှစ်တိုင်းရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
“ဒီဘက်မှာက ဆင်တွေ ပေါတယ်၊ဆင်တွေ တစ်ခါဆင်းရင် အုပ်လိုက်ကြီးဆင်းလာတာ၊ လူတွေ အနင်းမ ခံရရင် တောင် စပါးခင်းတွေ အများကြီး ပျက်စီးသွားရတယ်၊ နှစ်တိုင်း ခံကြရတယ်”လို့ ဘူးသီးတော င်ဒေသခံတစ်ဦးက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်အပြင် ရခိုင်ပြည်နယ်မြောက်ဖျား မောင်တောမြို့နယ်မြောက်ပိုင်းနဲ့ ရသေ့ တောင် မြို့နယ်တွေအတွင်းမှာလည်း တောဆင်ရိုင်းတွေရဲ့ အန္တရာယ် ကြုံကြရတယ်လို့ ဒေသခံတွေက ပြော ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်မှာပဲ တောဆင်ရိုင်းနင်းခံရလို့ ဒေသခံနှစ် ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မောင်တောမြို့နယ် ငါးခူရရွာက ဒေသခံလူငယ်တစ်ဦး ဆင်းနင်းခံရလို့ သေဆုံးခဲ့ပါသေးတယ်။