စစ်ရေးနဲ့ စီးပွားရေး မူဝါဒတွေ အောင်မြင်ခဲ့တယ်လို့ ကင်ဂျုံအန်း ကြွေးကြော်

မြောက်ကိုရီးယားဟာ စီးပွားရေးနဲ့ စစ်ရေး မူဝါဒတွေမှာ အကြီးအကျယ် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ အာဏာရ ပါတီရဲ့ နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ကြွေးကြော်သွားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း မြောက်ကိုရီးယား အစိုးရဟာ မူဝါဒရေးရာ တိုးတက်မှုနဲ့ အောင်မြင်မှုတွေကို ရရှိ ပိုင်ဆိုင်ခဲ့ကြောင်း ကင်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ အရာရှိတွေ အနေနဲ့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတွေကို ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ တာဝန်ယူ ကိုင်တွယ်သွားကြဖို့လည်း ကင်က တိုက်တွန်းခဲ့ပါတယ်။

 

သူဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာ မြောက်ကိုရီးယားက ဘယ်လိုဘယ်ပုံ အင်အားပိုကောင်းလာနေသလဲ ဆိုတာတွေကို အကျယ်တဝင့် ရှင်းပြသွားခဲ့တယ်လို့လည်း အစိုးရပိုင် KCNA သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

မြောက်ကိုရီးယားဟာ အခက်အခဲပေါင်းစုံကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုတွေ ရရှိခဲ့တယ်ဆိုတဲ့ အရှိတရားကို လက်ကိုင်ပြုပြီး ပိုမို ခက်ခဲပေမယ့် စိတ်လှုပ်ရှားစရာ ဖြစ်မယ့် စိန်ခေါ်မှုတွေကို ယုံကြည်မှုအပြည့် ကိုင်တွယ်သွားကြဖို့ သက်ဆိုင်ရာ အရာရှိ အသီးသီးကို ခေါင်းဆောင်ကြီးက တိုက်တွန်းခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။

 

မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီရဲ့ နှစ်ပတ်လည် ညီလာခံတွေကို နှစ်ကုန်ပိုင်း ကာလတွေမှာ ပုံမှန် ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ မြောက်ကိုရီးယားဟာ သမိုင်းတလျှောက် စံချိန်တင် အရေအတွက်မျိုးထိ များပြားတဲ့ ဒုံးကျည်တွေကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ် ကပ်ရောဂါ ကာလတလျှောက် ဦးစိုက်ဂျွမ်းပြန် ကျဆင်းခဲ့တဲ့ နိုင်ငံ စီးပွားရေးဟာ အခုနှစ်မှာ အထိုက်အလျောက် ပြန်လည် ဦးမော့လာဟန် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

 

တစ်ဖက်မှာတော့ မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေ အရှိန်မြှင့်တင်လာခြင်းနဲ့အတူ ကိုရီးယား ကျွန်းဆွယ်ရဲ့ တင်းမာမှု အခြေအနေတွေဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး အဆင့်တစ်ခုထိ ရောက်ရှိလာနေကြောင်း သိရပါတယ်။