တရုတ်က ကိုဗစ်ကူးစက်မှုတွေကို သင်ခန်းစာယူပြီး သတိထားကြဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီး တိုက်တွန်း

အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့နောက် ပြည်သူတွေ အနေနဲ့ ကိုဗစ်ရောဂါ တားဆီးရေး အခြေခံ လမ်းညွှန်ချက်တွေကို ပြန်လည် အလေးထား လိုက်နာဖို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

တရုတ်ဟာ လက်ရှိ အချိန်မှာ ကိုဗစ်ကူးစက်မှုတွေကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ယုံကြည်ရပါတယ်။ တရုတ် အစိုးရက ပြည်တွင်း ကူးစက်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ ပွင့်ပွင့်လင်းလင်း မထုတ်ပြန်ပေမယ့် အသေအပျောက်တွေ အတော်ဆိုးနေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ စောင့်ကြည့်​ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

တရုတ်ရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုသလို အိန္ဒိယမှာလည်း ကိုဗစ်ရောဂါ ဖြစ်ပွားစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ ခြိမ်းခြောက်လာမှာကို စိုးရိမ်ရကြောင်း ကျန်းမာရေး ဝန်ကြီး မန်ဆွတ်ခ် မန်ဒါဗီယာက ပြောကြားခဲ့ပါတယ်။

တရုတ်မှာ ကူးစက်မှုတွေ တကျော့ပြန် ခေါင်းထောင်လာတဲ့နောက် အိန္ဒိယ အနေနဲ့ ပြည်ပက ဆိုက်ရောက်လာတဲ့ ခရီးသည်တွေ စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကို အလျဉ်းသင့်သလို ရွေးထုတ်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။ နောက်ပြီး ဝန်ကြီးက ပြည်သူတွေ အနေနဲ့ နှာခေါင်းစည်းတပ်ဖို့၊ လူထူထပ်တဲ့ နေရာတွေကို အတတ်နိုင်ဆုံးရှောင်ဖို့ အစရှိတဲ့ ကိုဗစ် တိုက်ဖျက်ရေး စည်းမျဉ်းတွေကို ပြန်လည် အလေးထား ကျင့်သုံးကြဖို့လည်း တိုက်တွန်းသွားပါတယ်။

လူဦးရေ ၁.၃ ဘီလီယံလောက်ရှိတဲ့ အိန္ဒိယ နိုင်ငံဟာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို အခုနှစ်ဆန်းပိုင်းကစလို့ ပြန်လည် ဖြေလျှော့ပေးထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အိန္ဒိယ ပြည်သူ အများစုဟာ နှာခေါင်းစည်း လုံးဝမတပ်ဘဲ ပုံမှန် နေထိုင်သွားလာနေကြပါတယ်။

ဒီဇင်ဘာ ၂၁ ရက်တုန်းက WHOရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘယီဆွတ်စ်က တရုတ်မှာ ကူးစက်နှုန်း မြင့်တက်လာနေတဲ့ အခြေအနေအပေါ် စိုးရိမ်မိကြောင်း ဝန်ခံခဲ့ပြီး ရောဂါ ကူးစက်မှုတွေရဲ့ ပြင်းထန်မှု အခြေအနေ၊ သေပျောက်နှုန်းစတဲ့ အသေးစိတ် အချက်တွေကို အတည်ပြုနိုင်အောင် ကြိုးစားနေကြောင်း ပြောကြားသွားခဲ့ပါတယ်။