တပတ်အတွင်း ဆားလင်းကြီးက ရွာကိုးရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကကျေးရွာတွေထဲ စစ်ကောင်စီက စစ်ကြောင်းထိုးမွှေနှောက်နေတဲ့ သီတင်း ပတ်တခုကျော်အတွင်း ကျေးရွာကိုးရွာက နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသတော်လှန် ရေး အင်အားစုတွေဆီကသိရပါတယ်။
“တစ်ရွာပြီးတစ်ရွာလိုက်ပြီးမီးရှို့နေတာပါ၊ ရွာတစ်ရွာဆို သူတို့လိုချင်တဲ့ပစ္စည်းတွေအကုန်သယ်ပြီး မီးရှို့တာ ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဆားလင်းကြီးမြို့နယ်ထဲကို နိုဝင် ဘာ(၂၉)ရက်မှာစတင်စစ်ကြောင်းထိုးဝင်ရောက် လာတာဖြစ် ပြီး ဒီကနေ့အထိ ရွာကိုးရွာကနေအိမ် လေးရာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးပြီလို့ ဒေသခံတွေကဆိုပါတယ်။

ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းအနီးက ကျေးရွာတွေထဲ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဟာ နိုဝင်ဘာ(၃၀)နဲ့ဒီဇင်ဘာ(၁)ရက် နှစ်ရက်အတွင်း ရွာလေးရွာကနေအိမ်တွေကို မီးရှို့ခဲ့သလို မနေ့ကနဲ့ ဒီကနေ့နှစ်ရက်အတွင်းမှာလည်း ရွာငါးရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ကဆိုပါတယ်။

စစ်တပ်ဟာ မနေ့ကမနက်ပိုင်းမှာ ရေမိန်တောင်ရွာနဲ့ ရေမိန်မြောက်ရွာတို့ကို ဝင်ရောက်မီးရှို့လို့ အိမ်ခြေ(၅၀) ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း တရားကျေးရွာ၊ရှမ်းကိုင်းနဲ့ အုန်းတောရွာတွေကို ဆက် လက်မီးရှို့ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်ပိုင်း မီးရှို့ခံရတဲ့ ကျေးရွာတွေက ပျက်စီးထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ ဆားလင်း ကြီးမြို့နယ်ဟာ ချင်းတွင်းမြစ်ကမ်းဘေးက မြို့တမြို့ဖြစ်ပြီး နိုဝင်ဘာ(၂၈)ရက်မှာ ချင်းတွင်းမြစ်ထဲဖြတ် သန်း လာတဲ့ စစ်ရေယာဉ်အုပ်စုကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြီး အထိနာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တွေက ဆိုပါတယ်။အဲ့ဒီနောက်တရက်အကြာမှာ စစ်ကောင်စီတပ်တွေက မြစ်ကမ်းအနီးကျေးရွာတွေထဲ လှည့် လည်စစ်ကြောင်းထိုးနေတာပါ။

အဲ့ဒီလို ကျေးရွာတွေထဲ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကြောင်းဟာ စစ်ရေယာဉ်အုပ်စုကို လုံခြုံ ရေး ယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိ သူတဦးက DNA ကိုပြောထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုး သွားလာနေတာကြောင့် အဲ့ဒီလမ်းကြောင်း တလျှောက်နဲ့ အနီးအနားကျေးရွာတွေ စုစုပေါင်း ရွာ(၂၀)လောက်က ဒေသခံလူဦးရေ ထောင်ချီ တိမ်းရှောင် နေကြရတယ်လို့လည်း သိရပါတယ်။