ဒီးမောဆိုက ကျေးရွာတွေကို စစ်တပ်က နှစ်ရက်ဆက်တိုက် တာဝေးပစ်လက်နက်တွေနဲ့တိုက်ခိုက်နေ

ကရင်နီပြည်နယ်ထဲက ဒီးမောဆိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ  ၄ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ညတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ကရင်နီကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၅ ရက်နေ့ညမှာဆိုရင်လည်း အရင်ရက်တွေနဲ့ မတူတဲ့  တောတောင်တွေအထိ ကျော်ဖြတ်ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်ကြီးတွေ အသုံးပြုပြီး အတွဲလိုက်ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ KNDF ဘက်ကပြောပါတယ်။
‘’ဒီဇင်ဘာ ၅ ရက်နေ့လောက်စပြီး အတွဲလိုက်ပစ်ခတ်မှုတွေ လုပ်တာ။ ကုန်းသာရွာနဲ့ ဒေါ့ခမီးရွာတွေဘက်ကို တောက်လျှောက်ပစ်တာ၊ အရင်ကတော့ လက်နက်ကြီးနဲ့ပစ်တာပဲ ရှိတယ်။ မနေ့ကသုံးသွားတာတော့ ဟောင်ဝှစ်ဇာလို့ခေါ်တဲ့ တာဝေးပစ်လက်နက်ကို သုံးသွားတာလို့ ယူဆတယ်။ အဲလက်နက်တွေက တောတောင်တွေရှိရင်လည်း အမြင့်ကြီးကျော်ပစ်နိုင်တယ်။ ဒီလိုလက်နက်တွေကို တိုင်းရင်းသားဒေသက ပြည်သူတွေရှိတဲ့နေရာမှာ ပစ်ခတ်တာကတော့ ယုတ်ညံတဲ့လုပ်ရပ်ပါပဲ။ နှစ်ဖက်ထိတွေ့မှုရှိတဲ့နေရာတွေကို မှန်းပစ်တာ’’ လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်တွေကြားမှာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့တပ်မ ၆၆ ဘက်က တပ်သားတွေ ထိခိုက်သေဆုံးတာများခဲ့သလို လက်နက်တွေနဲ့အတူ စစ်ကောင်စီတပ်သားတွေကိုလည်း အရှင်ဖမ်းမိပြီး အထိနာခဲ့တာကြောင့် အခုလို ပစ်ခတ်မှုတွေ ဆက်လုပ်တာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
အဲဒီလိုစစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာများခဲ့တဲ့ တပ်ရင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ဖရူဆိုမြို့နယ်ထဲက အပြစ်မဲ့ ဒေသခံပြည်သူ ၄၀ ကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ တပ်ရင်းဖြစ်တယ်လို့လည်း KNDF ဘက်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ဒီးမောဆိုမြို့နယ်၊ ကုန်းသာကျေးရွာအရှေ့ဘက်နဲ့ သေးဆူလဲ၊ ဒေါကမီးတို့ဘက်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းတွေ ပြန်ထိုးနေပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်လို့လည်း KNDF ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါ့အပြင် အခု ဒီဇင်ဘာပထမပတ်ထဲမှာပဲ နှစ်ဖက်တိုက်ပွဲ ၁၀ ပွဲထက်မနည်း ဖြစ်ခဲ့တာကြောင့်ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေနားကို ဖြတ်သန်းသွားလာတာတွေနေအိမ်ပြန်တာတွေ မလုပ်ကြပဲ KNDF ရဲ့ စစ်ရေးသတင်းတွေကို နားစွင့်ကြဖို့ကိုလည်း
ထုတ်ပြန်ထားတာ တွေ့ရပါတယ်။