ဒီးမော့ဆိုမှာတိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီက တရက်တည်းလေကြောင်းကသုံးကြိမ်ထက်မနည်းတိုက်

မေ ၊ ၁၉

ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်းနေတာ တပတ်ခန့်ရှိနေပြီး ဒီကနေ့မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ သုံးကြိမ်ထက် မနည်း ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မေလ ၁၄ ရက်ကနေ ဒီကနေ့ မေလ ၁၉ ရက်အထိ စစ်ကောင်စီရဲ့  စစ်ကြောင်းထိုးလာမှုတွေကြောင့် တိုက်ပွဲတွေ အပြင်းအထန်ပြန်ဖြစ်လာနေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုသုံးစွဲလာနေတယ်လို့ သိရပါတယ်။ 

“ဒီးမော့ဆိုမြို့နယ် ရှေ့ဘက်ခြမ်းမှာတော့ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးနေတာပေါ့နော်။ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ သုံးကြိမ်ထက်မနည်း လုပ်နေပြီ၊ ဒီနေ့ တရက်ထဲမှာပဲ လုပ်နေတာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုကတော့ ကျနော်တို့ ကိုယ်တိုင်းလည်း အသေးစိတ် မသိရှိရသေးပါဘူး” လို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာန မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ဒီကနေ့ မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

အဲဒီက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နှစ်ဖက်ထိခိုက်မှုတွေ ရှိနေပေမဲ့ အခြေအနေတွေ ပြောလို့ မရသေးဘူးလို့ ကရင်နီပူးပေါင်းတပ်ကတာဝန်ရှိသူတွေက ပြောပါတယ်။ 

မေလ ၁၆ရက်ကလည်း ကရင်နီပူးပေါင်းတပ်တွေက ဒီးမော့ဆိုမြို့နယ်အတွင်းက ထိန်းချုပ်ထားတဲ့ နေရာတချို့မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေစဉ် ငွေတောင်ရွာသစ်ရဲ့ သဲတောင်မှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီရဲ့ ကင်းလှည့်တပ်တွေနဲ့ ထိတွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ တပတ်အတွင်း ဒီးမော့ဆို၊ ဖယ်ခုံနဲ့ ဘောလခဲ စတဲ့ မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါး ခပ်စိပ်စိပ်ပြုလုပ်ခဲ့သလို မြေပြင်ကနေလည်း စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှုတွေ ပိုမို ပြုလုပ်လာတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ လွိုင်ကော်- ဒီးမော့ဆို- ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ ဒီးမော့ဆိုမြို့နယ် အရှေဘက်ခြမ်းကို လွိင်ကော်မြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့ကနေ နှစ်ဖက်ညှပ်ပြီး လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ပါ အပြင်းအထန်း ထိုးစစ်ဆင်နေတာ နှစ်လခန့်ရှိနေပြီးဖြစ်ပါတယ်။ 

ဧပြီလ ၁၇ ရက်ကလည်း ဘော်လခဲမြို့နယ်၊ စောလုံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမ ရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားအမျိုးသမီးငယ် တဦးသေဆုံး၊ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ ကျေးရွာဆေးပေးခန်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ဧပြီလ တလအတွင်း ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်၊ ကရင်အမျိုးသားများကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကြား တိုက်ပွဲပေါင်း ငါးဆယ်ခန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တရာကျော်ပြုလုပ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။