စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်က စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် မူးရိုးကုန်းကျေးရွာက ဒေသခံ ၇ ဦးထက်မနည်းဟာ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်၊
စစ်ကောင်စီတပ်တွေဟာ ရွှေဘိုဘက်ခြမ်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး မူးမြစ်သာခြားထားတဲ့ ဒီပဲယင်း၊ မူးရိုးကုန်းက ဒေသခံတွေကို လက်နက်ကြီးအစတွေ ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
‘’ ရွှေဘိုနယ်ဘက်က ခြမ်းကတပ်စွဲထားတဲ့ စစ်ကြောင်းက မအူပင်ကျေးရွာကိုမီးရှို့ပြီးလက်နက်ကြီးတွေနဲ့ပစ်တာ မူးမြစ်ရဲ့တဖက်ကမ်းမှာရှိတဲ့ မူရိုးကုန်းရွာက ၇ ဦးထိခိုက်တာဆေးကုသမှုခံယူနေရတယ်။ အမျိုးသမီးတွေလည်းပါတယ်၊ စာရင်းတွေကောက်ပြီး ထုတ်ပြန်ပါမယ်’’ လို့ဒီပဲယင်းမြို့နယ်ညီနောင်များက တာဝန်ရှိသူက DNA ကိုပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်ထဲကနေ ဒီပဲယင်းမြို့ပေါ်ကို စစ်ကြောင်းထိုးတက်လာသလို ရွှေဘိုတဖက်ခြမ်းမှာလည်း စစ်ကြောင်းထိုးပြီး ဒီကနေ့ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။