
အင်ဒိုနီးရှားမှာ အယ်လ်နီညို ရာသီဥတုက အဆိုးရွားဆုံးအခြေအနေကို ရောက်နေပြီဆိုတာ ပြသနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
၁၁ ၊ ဩဂုတ်
အင်ဒိုနီးရှားအစိုးရဟာ တောမီးအန္တရာယ် အဓိကကြုံတွေ့နေရတဲ့ ပြည်နယ် ၆ ခုမှာ မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
မီးခိုးမြူတွေ ဘေးပတ်ဝန်းကျင်ဒေသတွေကို ပျံ့နှံ့တာ နှေးကွေးသွားအောင် မိုးရွာချပေးနိုင်မယ့် မိုးတိမ်တုဖန်တီးပေးတဲ့ လေယာဉ်တွေကိုပါ စေလွှတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတု ပိုပြင်းထန်လာတာကြောင့် အင်ဒိုနီးရှားမှာ နွေရာသီ ပိုရှည်ပြီး ပူပြင်းခြောက်သွေ့မှု ပိုဆိုးရွားနိုင်ပါတယ်။ ဒါကြောင့် မိုးခေါင်တာ၊ တောမီးလောင်တာနဲ့ လေထုညစ်ညမ်းတာတွေ ကြုံရဖို့ အန္တရာယ် ပိုများနေပါတယ်။
သစ်တောဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဇန်နဝါရီကနေ ဇွန်လအထိ မြေဧက ၂၆၅,၅၅၂ ဧက (ဟက်တာ ၁၀၇,၄၆၅) လောက် မီးလောင်ခဲ့ပြီး ဒါဟာ အယ်လ်နီညို နောက်ဆုံးဝင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် စာရင်းနဲ့ ယှဉ်ရင် ၁၁၀ ရာခိုင်နှုန်းအထိ ပိုများလာတာပါ။
“ရာသီဥတုအခြေအနေက မီးပိုကြီးလာဖို့ အလားအလာအများကြီး ရှိနေတာမို့ ကျွန်တော်တို့ စိုးရိမ်တကြီး စောင့်ကြည့်နေရပါတယ်” လို့ လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဒဂျာမာရီ ချာနီယာဂို က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အင်ဒိုနီးရှားမှာ အယ်လ်နီညို ရာသီဥတုက အဆိုးရွားဆုံးအခြေအနေကို ရောက်နေပြီဆိုတာ ပြသနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
အစိုးရက စူမားတြားကျွန်းပေါ်က ရီယော၊ ဂျမ်ဘီနဲ့ တောင်ဆူမားတြား ပြည်နယ်တွေအပြင် ဘော်နီယိုကျွန်းပေါ်က အနောက်ကာလီမန်တန်၊ အလယ်ပိုင်းကာလီမန်တန်နဲ့ တောင်ပိုင်းကာလီမန်တန် ပြည်နယ်တို့ကို အဓိက စောင့်ကြည့်ရမယ့် ပြည်နယ် ၆ ခုအဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့ပြင် ဂျာဗား၊ ပါပူအာနဲ့ နူဆာတန်ဂါရာ ကျွန်းပေါ်က အခြားပြည်နယ်အချို့မှာလည်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မီးခိုးငွေ့တွေကြောင့် လေထုအရည်အသွေး ဆိုးရွားလာတာမို့ အနောက်ကာလီမန်တန် ပြည်နယ်ရဲ့ မြို့တော် ပွန်တီယာနက်မှာ ကျောင်းသားတွေအားလုံးကို အွန်လိုင်းကနေပဲ သင်ကြားပေးဖို့ မေယို့မြို့တော်ဝန်က ညွှန်ကြားထားပါတယ်။
ဝန်ကြီး ဒဂျာမာရီရဲ့ အပြောအရ မီးငြှိမ်းသတ်ဖို့အတွက် ရဟတ်ယာဉ် ၄၃ စီးနဲ့ လေယာဉ် ၁၅ စီးကို စေလွှတ်ထားပါတယ်။ မိုးရွာအောင် မိုးတိမ်တုဖန်တီးတဲ့ အလုပ်တွေကိုလည်း လုပ်ဆောင်နေပေမဲ့ မိုးတိမ်ရှားပါးတာကြောင့် အခက်အခဲရှိနေတယ်လို့ သူက ဆိုပါတယ်။
“ဒါကြောင့် ရာသီဥတုအပြောင်းအလဲ အသေးလေးကိုတောင် အနီးကပ် စောင့်ကြည့်နေရတာပါ။ မိုးတိမ်ဖြစ်ပေါ်နိုင်ခြေ ရှိတာနဲ့ မိုးတိမ်တုစနစ်ကို ချက်ချင်း စတင်ဆောင်ရွက်ပါတယ်” လို့ သူက ပြောပါတယ်။
Ref – Reuters