
“ဘာတခုမှ မရသေးဘူး။ ကျွန်တော်တို့ရတာက အလှူရှင်တွေဆီက ထမင်းထုတ်ရတယ်။ ဆန်တို့၊ ဆီတို့ ရတယ်။ လောလောဆယ် အဲဒါနဲ့ လုံလောက်တယ်။ အစိုးရဌာနတွေက တယောက်မှ မရောက်ဘူး။ ဆရာဝန်တွေ ဆေးလာ ကုပေးတာတော့ ရှိတယ်”
၁၁၊ ဩဂုတ်။
ဧရာ၀တီတိုင်းအတွင်းမှာ စစ်အစိုးရက ဘီလီယံချီတဲ့ ရေဘေးအလှူခံရငွေနဲ့ ထောက်ပံ့ပေးနေတယ် ဆိုပေမယ့် လက်တွေ့မှာ အစိုးရထောက်ပံ့ငွေကို မရတဲ့သူတွေ အများအပြားရှိနေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောကြပါတယ်။
“ကျွန်တော်တို့ ဒီမှာရေဘေးကူညီ ကယ်ဆယ်စောင့်ရှောက်ရေးစခန်း ၁ တို့ ၂ တို့ ရှိတယ်၊ အိုင်သပြုပေါ့၊ ကျွန်တော်နေတာ အိုင်သပြုလေ ဒီမှာကတော့ အစိုးရအဖွဲ့က တခါမှကို ရောက်မလာသေးဘူး အခု ၁၁ ရက်ရှိနေပြီ” လို့ ရေဘေးဒဏ် အစောဆုံးခံခဲ့ရပြီး အခုထိ နေအိမ်ပြန်လို့မရသေးတဲ့ လေးမျက်နှာမြို့နယ် အိုင်သပြုမှ ရေဘေးသင့်ပြည် သူတဦးက ပြောပါတယ်။
စစ်အစိုးရဟာ ဧရာ၀တီတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့နေ တယ်လို့ ဆိုထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေဘေးသင့် ပြည်သူတွေအတွက် စီးပွားရေး လုပ်ငန်းရှင်တွေဆီက လှူတဲ့ ငွေကျပ် ၃ ဘီလီယံကျော် လက်ခံရရှိခဲ့ပါသေးတယ်။
ဒါပမေယ့် အဲဒီငွေကြေးတွေကို ဘယ်နေရာတွေမှာ ဘယ်လိုထောက်ပံ့ ပေးနေတယ်ဆိုတာတော့ မသိရပါဘူး။ ဒါ့အပြင် စစ်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေဟာ ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ် လဟာပ ရေဘေးရှောင်စခန်းသို့ ရောက်ခဲ့ပြီး လေးမျက်နှာ မြို့နယ်အတွင်းက ရေကြီးဒေသတွေကိုတော့ ရဟတ် ယာဉ်ပေါ်ကနေပဲ ပတ်ကြည့်ခဲ့ပါတယ်။
“တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အကြီးတွေပေါ့၊ လာပြီးတော့ ကူညီတာမျိုးတွေတော့ ကျွန်တော်တော့ မတွေ့ဘူး။ သူတို့တွေ ရောက်တယ်လို့တော့ အသံကြားတယ်။ ဝန်ကြီးချုပ်လည်း ရောက်တယ်လို့ အသံကြားတယ်။
အဲဒီတချို့ ဒုက္ခသည်တွေ နေတဲ့စခန်းတချို့ကို သူတို့ရောက်တယ်။ အာ့လိုရောက်တယ်လို့ပဲ အသံကြားတယ်။ ဒီကို တခါမှ မရောက်ဘူး။ ဘယ်တွေသွားနေရတယ်တော့ ကျွန်တော်လည်း မပြောတတ်ဘူး အဲဒါတော့” လို့ အိုင်သပြု ဒေသခံက ပြောပါတယ်။
အိုင်သပြု ကျေးရွာအပါအဝင် အနီးတဝိုက် ဒေသတေတွမှာ အစိုးရလက်အောက်ခံဆိုလို့ အုပ်ချုပ်ရေးမှူး တဦးသာရှိ ပြီး အစိုးရအကူအညီ တစုံတရာ မရသေးဘူးလို့ သူကဆက်ပြောပါတယ်။
“ဥပမာ ပြောပါတော့ ၁၂ တန်း စာမေးပွဲဖြေတာဆို သူတို့နေ့တိုင်းလိုလို ရောက်တယ်။ အခု ဒီလို ဒုက္ခရောက်နေတဲ့ အချိန်မှာ မရောက်ဘူးလို့ ကျွန်တော်တော့ မြင်တာပဲ။ သူတို့ ဘာတွေ ကူညီပေးနေလဲ ကျွန်တော်တော့ မသိဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် လေးမျက်နှာမြို့နယ်အတွင်းက နောက်ထပ် ရေဘေးရှောင် ပြည်သူတဦးကလည်း အစိုးရဆီက အကူအညီ တစုံတရာ မရသေးဘူးလို့ ပြောပါတယ်။
“ဘာတခုမှ မရသေးဘူး။ ကျွန်တော်တို့ရတာက အလှူရှင်တွေဆီက ထမင်းထုတ်ရတယ်။ ဆန်တို့၊ ဆီတို့ ရတယ်။ လောလောဆယ် အဲဒါနဲ့ လုံလောက်တယ်။ အစိုးရဌာနတွေက တယောက်မှ မရောက်ဘူး။ ဆရာဝန်တွေ ဆေးလာ ကုပေးတာတော့ ရှိတယ်” လို့ သူက ဆိုပါတယ်။
လေးမျက်နှာမြို့ အနီးက ငဝန်မြစ် တာဘောင်ကျိုးကျသွားတာကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေ ကြည်မြို့နယ်တို့အတွင်းမှ ဒေသခံပြည်သူတွေ ရေဘေးသင့်နေတာဖြစ်ပြီး နှစ်ပတ်နီးပါးကြာတဲ့ထိ ရေပြန်မကျ သေးဘဲ ရေဘေးရှောင်ပြည်သူတွေ နေရပ်မပြန်ကြရသေးတာပါ။
အခုရေဘေးဟာ ကာလရှည်ကြာနိုင်တာမို့ ပုဂ္ဂလိကအလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ ရေရှည်အဆင်ပြေဘဲ အစိုး ရအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့ အကူအညီမျိုး ပေးဖို့လိုတယ်လို့ မြေပြင်မှာ ရေဘေးကူညီရေး လုပ်နေသူတွေက ပြောကြပါတယ်။
“ခုလောလောဆယ်မှာတော့ လုံလောက်တဲ့ သဘောရှိပါတယ်။ အလှူရှင်တွေကလည်း များတယ်လေ။ ဒါပေမယ့်လည်း ရေရှည်ကျတော့ ရေလည်းကျသွားမယ်၊ အလှူရှင်လည်း ရပ်သွားမယ်ဆိုတဲ့ အခါကျတော့ အဲဒီလူတွေဒုက္ခ ရောက်မှာပဲ။ ရေရှည်စားဖို့တို့ ဘာတို့ကျတော့ ဒုက္ခရောက်မှာပဲလေ” လို့ ရေဘေးကူညီနေသူ ဟင်္သာတဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ အလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရတဲ့ ရေဘေးသင့် ပြည်သူတွေဟာ လတ်တလော စားဝတ်နေရေး အဆင်ပြေနေကြပေမယ့် လယ်ယာတွေပျက်စီး၊ အလုပ်အကိုင်တွေ ဆုံးရှုံးကြရသူတွေ အတွက် ရေရှည်အစီအမံတွေ ချဖို့လိုလာတယ်လို့ ဆိုပါတယ်။
“ရေကျသွားရင်တောင် လယ်သမားတွေမှာ အကြွေးတွေနဲ့ ကျန်ခဲ့မှာ။ လက်လုပ်လက်စားတွေ ဆိုလည်း အလုပ်က ရှိဦးမှာ မဟုတ်ဘူး။ ဆုံးရှုံးမှု ကြီးတယ်။ ဒါကို စီမံကိန်းချပြီးကို လုပ်မှရမှာပါ။ ရေကလည်း အခုကျအုံးမှာ မဟုတ်ဘူး။ ကြားရသလောက် အစိုးရအကူအညီတွေက နှမ်းဖြူသလို ဖြူးနေတာ လူတိုင်းမရကြဘူး” လို့ ဟင်္သာတဒေသ ခံလူမှုကူညီရေးလုပ်နေသူနောက်တဦးက ပြောပါတယ်။
အခုရေကြီးနေတာဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီတာဘောင်ကို မပိတ်နိုင်သရွေ့ ရေဟာ ကာလရှည်ကြာကြီးနေနိုင်တာကြောင့် အခုရေဘေးကို အစိုးရအနေနဲ့ အထူးစီမံချက်ချမှတ်ကာ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီပေးနေသူတွေက ပြောထားကြပါတယ်။ လက်ရှိမှာ တာ ဘောင်ပေါက်ကို ပိတ်နိုင်ရေး နိုင်ငံတော်အဆင့်အစီအမံနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#ဧရာဝတီတိုင်း #လေးမျက်နှာ #ရေဘေး #အကူအညီမရ
#DeltaNewsAgency #DNA