အခုဆယ်စုနှစ်အတွင်း လပေါ်မှာ လူသားတွေ အခြေချလာနိုင်ဖွယ်ရှိကြောင်း နာဆာ ပညာရှင် သုံးသပ် 

အခုနှစ် အကုန်လောက်မှာ လကမ္ဘာပေါ် လူသားတွေ စတင် အခြေချ နေထိုင်နိုင်ဖွယ် ရှိတယ်လို့ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)ရဲ့ လမျက်နှာပြင် စူးစမ်းရေး ပညာရှင် တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်။ 

အမေရိကန်ရဲ့ နည်းပညာသစ် ဒုံးကျည် Artemisကို အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ပြီးတဲ့နောက် နာဆာက အခုလို ပြောကြားခဲ့တာပါ။ Artemis မစ်ရှင်ဟာ လကမ္ဘာပေါ် လူသားတွေ တကျော့ပြန် ခြေချရေး ရည်မှန်းချက်အတွက် အရေးပါတဲ့ ကနဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။ 

မနှစ်တုန်းက လွှတ်တင်မှုတွေ အကြိမ်ကြိမ် ကျရှုံးခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ Artemisဟာ Orionဆိုတဲ့ လူမဲ့ အာကာသယာဉ်ငယ် တစ်စီးကို တင်ဆောင်ပြီး ကမ္ဘာပတ်လမ်းထဲ အောင်အောင်မြင်မြင် ပျံသန်း ထွက်ခွာသွားခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ အောင်မြင်မှုကို အခြေခံပြီး နောက်ထပ် လူလိုက်ပါမယ့် လပေါ်ဆင်းသက်ရေး ခရီးစဉ်တွေကို ဆက်တိုက် အကောင်အထည် ဖော်သွားဖို့ နာဆာက ရည်ရွယ်ထားပါတယ်။ 

Orion အာကာသယာဉ် ပရောဂျက်မှာ ပါဝင်တဲ့ စီမံကိန်း မန်နေဂျာ ဟောင်းဝပ်ဟူက Artemisကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တာက နာဆာအတွက်သာ မကဘဲ အာကာသ စူးစမ်းလေ့လာရေး သိပ္ပံပညာရပ်ကို ချစ်မြတ်နိုးတဲ့ လူသား အားလုံးအတွက် သမိုင်းဝင် အခိုက်အတန့် ဖြစ်ခဲ့တယ်လို့ ညွှန်းဆိုပါတယ်။ 

ဟူက ဆက်လက်ပြီး အခုဆယ်စုနှစ် အတွင်းမှာပဲ လူသားတွေဟာ လပေါ်မှာ အချိန် အတိုင်းအတာ တစ်ခုလောက် အခြေချ နေထိုင်နိုင်တာမျိုး စတင် အကောင်အထည် ဖော်လာနိုင်မှာ သေချာကြောင်း၊ လမျက်နှာပြင်ပေါ်မှာ ဘယ်လောက် ကြာကြာ နေလို့ရမလဲ ဆိုတာက လူသားတွေရဲ့ စားနပ်ရိက္ခာ ဖန်တီးထုတ်လုပ်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေး နည်းလမ်းတွေအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ကြောင်းလည်း ဆက်ပြောသွားပါတယ်။ 

နောက်ပြီး နာဆာဟာ အခုစီမံကိန်းကို အခြေပြုပြီး နောင်တစ်ချိန်မှာ မားစ်ဂြိုဟ်ကို လူသားတွေ သွားရောက် လည်ပတ်မယ့် စီမံကိန်းကို ဆက်လက် အရှိန်မြှင့် အကောင်အထည် ဖော်လိမ့်မယ်လို့ ဟူက သုံးသပ်ပါတယ်။ 

လက်ရှိ လွှတ်တင်ထားတဲ့ Artemis မစ်ရှင်ဟာ ၂၅ ရက်လောက် ကြာမြင့်မယ်လို့ ခန့်မှန်းရပြီး Orion အာကာသယာဉ်ဟာ လကို ဝန်းပတ်ပျံသန်း လေ့လာမှုတွေ၊ ဂြိုဟ်တုတွေကို နေရာချမှုတွေအပြီး ဒီဇင်ဘာလလောက်မှာ ပစိဖိတ် သမုဒ္ဒရာထဲက ထိန်းချုပ် ဧရိယာ တစ်ခုဆီ ပြန်လည် ကျဆင်းလာမယ်လို့ သိရပါတယ်။