ကုလသမဂ္ဂ အကြီးအကဲကို အမေရိကန်ရဲ့ ရုပ်သေးလို့ မြောက်ကိုရီးယား ဝေဖန် 

 

ကုလသမဂ္ဂ အကြီးအကဲကို အမေရိကန်ရဲ့ ရုပ်သေးရုပ် သက်သက်သာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲ ဝေဖန်လိုက်ပါတယ်။ 

အမေရိကန် ဦးဆောင်ပြီး မြောက်ကိုရီးယားရဲ့ မကြာသေးခင်က တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် လွှတ်တင်မှုကို ကန့်ကွက်ကြတဲ့ ကိစ္စမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီ ဂူတာရက်စ်ပါ သွားရောက် ပူးပေါင်းခဲ့တဲ့အပေါ် မြောက်ကိုရီးယားက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

 ဂူတာရက်စ်ဟာ အစောပိုင်းမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး နိုဝင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားရဲ့ ICBM တာဝေးပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတချို့က မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုကို ကန့်ကွက်ပြီး မရှေးမနှောင်းမှာပဲ ဂူတာရက်စ်ဆီက ကြေညာချက်လည်း ထွက်ပေါ်ခဲ့တာပါ။ 

သူ့အနေနဲ့ကတော့ ကုလသမဂ္ဂ အကြီးအကဲဆိုတာ အမေရိကန်ရဲ့ အိမ်ဖြူတော်၊ ဒါမှမဟုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ယောက်လို့ပဲ ယူဆထားတော့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေက လှောင်ပြောင်ခဲ့ပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ တစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အတော်လေး စိတ်မကောင်း ဖြစ်မိကြောင်း၊ ဂူတာရက်စ်ဟာ ဘက်မလိုက်မှု၊ တန်းတူညီမျှ ရှိမှုတွေ အကုန်လုံးကို ဘေးချိတ်ပြီး အမေရိကန်ရဲ့ ရုပ်သေး သက်သက်သာ ဖြစ်တယ်ဆိုတာ သူ့ကိုယ်သူ ဖော်ထုတ်နေကြောင်းလည်း ချိုက ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြောက်ကိုရီးယား ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ဟာ သူတို့ရဲ့ လက်နက်တိုက်ထဲမှာ နည်းပညာ အမြင့်ဆုံး Hwasong-17 အမျိုးအစားသစ် တိုက်ချင်းပစ် ဒုံးကျည်လို့ ယုံကြည်ရပါတယ်။ ဂျပန် အစိုးရက အဲဒီ ဒုံးကျည်ဟာ အသံရဲ့ မြန်နှုန်းထက် အ​ဆ ၂၀ လောက် လျင်မြန်အောင် ပျံသန်းခဲ့ပြီး အမေရိကန် ပိုင်နက်ထိ လက်လှမ်းမီတဲ့ အကွာအဝေးမျိုး ရောက်ရှိခဲ့ကြောင်း မှတ်ချက်ပေးထားပါတယ်။