ကမ္ဘာ့ဖလား အိမ်ရှင်တွေ အဖွင့်ပွဲစဉ် မရှုံးဖူးတဲ့ စံချိန် အခုနှစ်မှာ ကျိုးပျက် 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ၉၂ နှစ်တာ သက်တမ်းအတွင်း အဖွင့်ပွဲစဉ်မှာ အိမ်ရှင်အသင်းတွေ ဘယ်တုန်းကမှ မရှုံးခဲ့တဲ့ စံချိန်မှတ်တမ်းဟာ အခုနှစ်မှာတော့ ကျိုးပျက်သွားခဲ့ပါပြီ။ အရှေ့အလယ်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အီကွေဒေါက အိမ်ရှင်ကာတာကို ၂-၀ နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ 

အယ်လ်ဘစ် အားကစားကွင်းကြီးရဲ့ ပရိသတ် ၆၇၀၀၀ ကျော် ရှေ့မှောက်မှာ တောင်အမေရိက နိုင်ငံအသင်းဟာ အိမ်ရှင်တွေအပေါ် ခြေစွမ်း အသာစီးနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ကတည်းက အီကွေဒေါအတွက် အန်နာ ဗလန်စီယာက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် အိမ်ရှင်တွေ ဒီထက် ဂိုးပိုမပြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း ကာတာဟာ အီကွေဒေါကို ခြေစွမ်းအရ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ၁၅ မိနစ်နဲ့ ၃၀ မိနစ်တွေမှာ ဗလန်စီယာကချည်းပဲ ပင်နယ်တီ တစ်ဂိုးနဲ့ ခေါင်းတိုက်တစ်ဂိုးသွင်းပြီး အိမ်ရှင်ကို ရှုံးနိမ့်စေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံငယ်လေး ကာတာ အတွက်တော့ ကမ္ဘာ့ဖလား သမိုင်းမှာ အိမ်ရှင်တွေအတွက် မလိုလားစရာ မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

ဒီပွဲကို မိနစ် ၃၀ လောက် စည်စည်ကားကား ကျင်းပခဲ့တဲ့ ဖွင့်ပွဲ အခမ်းအနား အပြီးမှာ ယှဉ်ပြိုင်စေခဲ့တာပါ။ အော်စကာဆုရှင် မင်းသားကြီး မော်ဂန် ဖရီးမန်းက အခမ်းအနား အစီအစဉ်တွေမှာ ဦးဆောင် ပါဝင်ခဲ့ပြီး ဆော်ဒီ အာရေးဘီးယား အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်လို နိုင်ငံတကာက ရာထူးကြီး သံတမန်တွေလည်း အဖွင့်ပွဲစဉ်ကို တက်ရောက်ခဲ့ပါတယ်။ 

ပွဲချိန်တလျှောက်မှာ အီကွေဒေါ ပရိသတ်တွေက ငါတို့ ဘီယာ သောက်ချင်တယ်လို့ အော်ဟစ်နေတာကိုလည်း ကြားခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကာလအတွင်း အားကစားရုံတွေမှာ ဘီယာရောင်းချခွင့် မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ကာတာ အာဏာပိုင်တွေကို ဆန္ဒပြ လှောင်ပြောင်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။