ပိုလန် ပိုင်နက်ထဲ ကျရောက်ခဲ့တာ ယူကရိန်းဒုံးကျည် မဖြစ်နိုင်ဘူးလို့ ယူကရိန်း သမ္မတပြော 

အိမ်နီးချင်း ပိုလန်နိုင်ငံ ကျရောက် ပေါက်ကွဲပြီး လူ ၂ ဦး သေဆုံးစေခဲ့တဲ့ ဒုံးကျည်ဟာ ယူကရိန်းရဲ့ စစ်လက်နက် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ 

အခုသီတင်းပတ် အစောပိုင်းက ယူကရိန်းနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ပိုလန်က ရွာလေးတစ်ရွာကို ဒုံးကျည်တစ်စင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနေ့က ရုရှားဟာ ယူကရိန်းက မြို့ရွာတွေကို ဒုံးကျည်မိုး ရွာနေခဲ့တာကြောင့် ရုရှားဒုံးကျည်တစ်စင်း ပိုလန် နယ်နိမိတ်ထဲ လမ်းချော်ပြီး ကျရောက်လာတယ်ဆိုတဲ့ ကနဦး စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။ 

ဒါပေမဲ့ နောက်ဆက်တွဲ စစ်ဆေးမှုတွေအရ အဲဒီ ဒုံးကျည်ဟာ ရုရှားဒုံးကျည်တွေကို ကြားဖြတ် ပစ်ချဖို့ ယူကရိန်းဖက်က ပစ်ခတ်လိုက်တဲ့ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး တစ်စင်းလို့ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ပိုလန်နဲ့ NATO စစ်မဟာမိတ် အဖွဲ့တွေက ယူကရိန်းဟာ ဆိုဗီယက်လုပ် ဒုံးခွင်းဒုံး စနစ်ကို အသုံးပြုပြီး ရုရှားဒုံးကျည်တွေကို ပစ်ချချိန်မှာ မတော်တဆ လွဲချော်မှု ဖြစ်ခဲ့တာလို့ သုံးသပ်ခဲ့ပါတယ်။ 

ဇီလန်စကီးကတော့ ဒီသုံးသပ်ချက်ကို ငြင်းဆိုပြီး သေချာပေါက် ယူကရိန်းရဲ့ ဒုံးကျည် မဟုတ်နိုင်ဘူးလို့ သူ့ရဲ့ ထိပ်တန်း စစ်ဦးစီးတွေက အစီရင်ခံထားကြောင်း ပြောပါတယ်။ ယူကရိန်း အစိုးရက ဒုံးကျည်ကျရောက် ပေါက်ကွဲတဲ့ နေရာကို ယူကရိန်း ပညာရှင်တွေ သွားရောက် စစ်ဆေးခွင့် ရဖို့လည်း ပိုလန် အာဏာပိုင်တွေဆီ တောင်းဆိုထားပါတယ်။ 

ပိုလန်နိုင်ငံ ပါဝင်တဲ့ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ဂျန်စ် စတိုတန်ဘက်ဂ်ကတော့ ခံစစ်အတွက် ပစ်လွှတ်တဲ့ ဒုံးကျည်တစ်စင်းက ပိုလန်ကို ကျရောက်ခဲ့တာ ဖြစ်နိုင်ကြောင်း ပြောဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ပျံသန်းမှု လမ်းကြောင်းကိုကြည့်ရင် ပိုလန်မှာ ကျရောက်ခဲ့တာဟာ ရုရှားဆီက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် မဖြစ်နိုင်ဘူးလို့ မှတ်ချက် ပေးထားပါသေးတယ်။

အဲဒီဒုံးကျည်ဟာ ပိုလန်-ယူကရိန်း နယ်စပ်နဲ့ ၄ မိုင်အကွာ ပရက်ဇူဝိုဒို ကျေးရွာထဲက လယ်ကွင်းတစ်နေရာဆီ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်က ရုရှားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ကာကွယ်ဖို့ ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက အသက်ဝင်နေခဲ့တယ်လို့ ဆိုပါတယ်။ 

ရုရှားဟာ ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ယူကရိန်းကို အပြင်းထန်ဆုံး ဒုံးကျည် တိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့ပြီး ယူကရိန်း အရပ်ဖက် အခြေခံ အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖျက်ဆီးနေကြောင်း သိရပါတယ်။