အာဆီယံ အဖွဲ့ဝင် ဖြစ်ခွင့်ရဖို့ နီးစပ်လာတဲ့အပေါ် အရှေ့တီမော သမ္မတ ဝမ်းသာနေ

အာဆီယံ အဖွဲ့ဝင် ဖြစ်ခွင့်ရဖို့ နီးကပ်လာပြီ ဖြစ်တဲ့အတွက် ဝမ်းသာ ပျော်ရွှင်မိကြောင်း အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာက ဝန်ခံခဲ့ပါတယ်။ 

၁၉၇၀ ခုနှစ်တွေ ကတည်းက အရှေ့တီမော လွတ်လပ်ရေးအတွက် အစဉ်တစိုက် အားထုတ်ခဲ့တဲ့ ဟော်တာဟာ နောင်တစ်ချိန်မှာတော့ သူ့ရဲ့ အကြမ်းမဖက် လွတ်လပ်ရေး ကြိုးပမ်းမှုတွေအတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ 

သူဟာ အရှေ့တီမောနိုင်ငံ ပေါ်ထွန်းလာရင် အရှေ့တောင် အာရှရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ကြီးဖြစ်တဲ့ အာဆီယံကို ဝင်ရောက်နိုင်အောင် ကြိုးစားသင့်ကြောင်း ငယ်ဘဝ ကတည်းက ပြောကြားခဲ့ဖူးပါတယ်။ နောက်ထပ် နှစ်ပေါင်း ၅၀ ဝန်းကျင် အကြာမှာတော့ ဟော်တာ အကြံပြုခဲ့တဲ့အတိုင်း အထမြောက်ဖို့ ခြေတစ်လှမ်း နီးလာပါပြီ။ 

အခုသီတင်းပတ်မှာ ကျင်းပတဲ့ အာဆီယံ ညီလာခံမှာ အဖွဲ့ဝင် နိုင်ငံတွေက အရှေ့တီမောကို ၁၁ ခုမြောက် အဖွဲ့ဝင် နိုင်ငံအနေနဲ့ စာရင်းသွင်း သတ်မှတ်ဖို့ ကနဦးအဆင့် သဘောတူခဲ့ကြပါတယ်။ ဒီအတွက် အရှေ့တီမောကို အဖွဲ့ဝင် ဖြစ်ခွင့်ပြုရေး လမ်းပြမြေပုံ တစ်ခုကို ရေးဆွဲ အကောင်အထည် ဖော်သွားမှာဖြစ်ပြီး အဲဒီအတောအတွင်း အဖွဲ့ကြီးရဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေမှာ အရှေ့တီမောကို လေ့လာသူအဖြစ် ဖိတ်ကြား တက်ရောက်ခွင့် ပေးထားမှာပါ။ 

နိုင်ငံရေးကနေ အနားယူထားပြီး အခုနှစ်ကျမှ နိုင်ငံရဲ့ သမ္မတ ရာထူးကို ဒုတိယအကြိမ် ပြန်လည် ရယူခဲ့တဲ့ အသက် ၇၂ နှစ်အရွယ် ဟော်တာကတော့ ဒီအခြေအနေအပေါ် အားရမိကြောင်း ပြောပါတယ်။ သူ့အသက် ၂၄ နှစ်၊ ၂၅ နှစ်လောက် ကတည်းက အာဆီယံ အဖွဲ့ဝင် ဖြစ်ခွင့်အတွက် ကြိုးစားသင့်တယ်လို့ ပြောခဲ့ဖူးကြောင်း၊ သူဟာ သံတမန်ရေးရာ ဘာအတွေ့အကြုံမှ မရှိဘဲနဲ့ ဂျကာတာမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး အဒမ်မာလစ်ကို သွားတွေ့ဆုံပြီး အာဆီယံကို ဝင်ခွင့်ရရေးကိစ္စ မေးမြန်း စုံစမ်းခဲ့ဖူးကြောင်း ဟော်တာက ဆိုပါတယ်။ 

အာဆီယံ အဖွဲ့ဝင် ဖြစ်ရေးရယ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှားတို့နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ထူထောင်ရေးရယ်ဟာ အရှေ့တီမောရဲ့ အနာဂတ်အတွက် သိပ်အရေးကြီးတယ်ဆိုတာ သူနားလည်ထားတယ်လို့ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းမှု တစ်ခုကို မြို့တော် ဒီလီကနေ ဟော်တာက ဖြေကြားခဲ့ပါတယ်။ 

အရှေ့တီမောဟာ ပေါ်တူဂီ ကိုလိုနီ ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းကျတော့ အင်ဒိုနီးရှား နိုင်ငံက ပိုင်နက်အဖြစ် သိမ်းသွင်းခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အရှေ့တီမောက လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်လာခဲ့ပါတယ်။ 

အရှေ့တီမောဟာ အခုနှစ်မှာ နိုင်ငံထူထောင်မှု သက်တမ်း နှစ် ၂၀ ပြည့် အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ လူဦးရေ ၁.၃ သန်းသာရှိတဲ့ နိုင်ငံငယ်လေးဟာ ဓာတ်ငွေ့နဲ့ ရေနံ ထုတ်လုပ်မှုအပေါ် အလွန်အကျွံ မှီခိုနေရဆဲဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေး မူဝါဒဆိုင်ရာ မတည်ငြိမ်မှုတွေလည်း ကြုံတွေ့နေရပါတယ်။ အာဆီယံနဲ့ ပေါင်းစည်းနိုင်ရင်တော့ အရှေ့တီမော ပြည်သူတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ ပညာရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ ပေါ်ထွန်းလာမယ်လို့ ယုံကြည်ကြောင်းလည်း ဟော်တာက ပြောကြားသွားခဲ့ပါတယ်။