ဗြိတိန် ဝန်ကြီးချုပ်ရာထူးအတွက် နောက်တစ်ကြိမ် ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ဂျွန်ဆန်ကြေညာ 

ဗြိတိန် ဝန်ကြီးချုပ် ရာထူးကို နောက်တစ်ကြိမ် ရယူဖို့ ကြိုးပမ်းမှုတွေကနေ ဘောရစ်ဂျွန်ဆန်က နုတ်ထွက်သွားခဲ့ပါတယ်။ 

အစောပိုင်းက အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ အကြီးအကဲနဲ့ ဝန်ကြီးချုပ် နေရာတွေအတွက် ယှဉ်ပြိုင်ဖို့ သူ့မှာ လုံလောက်တဲ့ ထောက်ခံမှုတွေ ရရှိထားပြီလို့ ဂျွန်ဆန်က ပြောခဲ့ဖူးပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၃ လကမှ ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ။ သူ့နေရာကို ဆက်ခံတဲ့ လစ်ဇ်ထရက်စ်ကလည်း ရာထူးလက်ခံပြီး ၄၅ ရက် အကြာမှာ နုတ်ထွက်ရပြန်တာကြောင့် ဗြိတိန်ဟာ ဝန်ကြီးချုပ်သစ် တစ်ယောက်ကို လိုအပ်လာခဲ့ပါတယ်။ 

အစောပိုင်းက ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ ဂျွန်ဆန်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရီရှီဆူနက်ခ်တို့က အဓိက ရေပန်းစားနေပြီး အခုတော့ ဆူနက်ခ်က ပြိုင်ဘက်မရှိတော့တဲ့ သဘောပါပဲ။ ဂျွန်ဆန်က သူဟာ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင် အနိုင်ရဖို့ အနေအထားကောင်း တစ်ခုမှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း၊ သူဟာ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်ဆီ ပြန်ရောက်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယူဆခဲ့ကြောင်း၊ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ဒီဆုံးဖြတ်ချက်ဟာ မသင့်တော်ဘူးလို့ လက်ခံလိုက်ကြောင်း၊ ညီညွတ်တဲ့ နိုင်ငံရေး ပါတီတစ်ခု မဟုတ်ရင် နိုင်ငံကိုလည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်မှာ မဟုတ်တဲ့အတွက် သူဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသွားပါတယ်။ 

ဆူနက်ခ်က ဂျွန်ဆန်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။ သူက ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာဖို့ အလေးအနက် ရည်မှန်းထားပြီး သူ့လက်ထက်မှာ နိုင်ငံရဲ့ စီးပွားရေး မူဝါဒတွေကို ထိထိရောက်ရောက် စီမံ ပြင်ဆင် ရေးဆွဲသွားလိုတယ်လို့လည်း ဆူနက်ခ်က ဆိုပါတယ်။ 

ဝန်ကြီးချုပ်အဖြစ် ဂျွန်ဆန် ပြန်လာဖို့ တောင်းဆိုခဲ့သူတွေထဲမှာ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဆူလာ ဘရေဗာမန်းတို့လို ဩဇာကြီးမားတဲ့ ပါတီဝင်တွေ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။