တကျော့ပြန် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာနိုင်​ခြေ ရှိနေတဲ့ ဂျွန်ဆန် 

ဗြိတိန် ဝန်ကြီးချုပ်သစ် ရာထူးအတွက် အဓိက ဦးဆောင်နေသူတွေထဲမှာ မကြာသေးခင်ကမှ နုတ်ထွက်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်လည်း ပါဝင်နေကြောင်း သိရပါတယ်။ 

ဗြိတိန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ အာဏာရ ပါတီရဲ့ အကြီးအကဲအဖြစ် ရွေးချယ် တင်မြှောက် ခံရသူဟာ ဝန်ကြီးချုပ် ရာထူးကို ခန့်အပ် ခံရပါတယ်။ အခုလောလောဆယ် ရီရှီဆူနက်ခ်နဲ့ ဂျွန်ဆန်တို့က ပါတီ အကြီးအကဲ နေရာအတွက် အပြိုင်အဆိုင် ရေပန်းစားနေကြပါတယ်။ 

ဆူနက်ခ်ဟာ လတ်တလောမှာ အာဏာရ ကွန်ဆာဗေးတစ် ပါတီ ကိုယ်စားပြု အမတ် ၁၀၀ ဝန်းကျင်လောက်ဆီက ထောက်ခံမှုကို ရထားပြီလို့ ဆိုပါတယ်။ သူဟာ ပြီးခဲ့တဲ့ တစ်ကြိမ်က ပါတီခေါင်းဆောင် ဖြစ်ဖို့အတွက် လစ်ဇ်ထရက်စ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး အရေးနိမ့်ခဲ့ပါတယ်။ နောက်တော့ ထရက်စ်ဟာ ဝန်ကြီးချုပ် တာဝန်ကို ၄၅ ရက်သာ ထမ်းဆောင်ပြီး နုတ်ထွက်သွားခဲ့ပါတယ်။ 

ဂျွန်ဆန်ကတော့ ဒုတိယ ရေပန်းအစားဆုံးသူအဖြစ် ရှိနေပါတယ်။ ထရက်စ် နုတ်ထွက်သွားတဲ့နောက် ဂျွန်ဆန်ဟာ ကာရေဘီယန်မှာ အပန်းဖြေခရီး သွားရောက်နေရာက ဗြိတိန်ကို ချက်ချင်း ပြန်လာပြီး ပါတီတွင်း စည်းရုံးရေး အစီအစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။ သူတို့နှစ်ယောက်အပြင် ပန်နီမောဒေါင့်ကလည်း အထိုက်အလျောက် ရေပန်းစားနေပါတယ်။ 

ဂျွန်ဆန်ကို ထောက်ခံသူ တစ်ဦးဖြစ်တဲ့ ကုန်သွယ်ရေး ဝန်ကြီး ဆာဂျိမ်းစ် ဒူဒရစ်ဂျ်က ဂျွန်ဆန်ဟာ ဗြိတိန်ကို ချက်ချင်း ပြန်လာခဲ့ပြီး ဒီကိစ္စအပေါ် ဘယ်လောက် အလေးထားတယ်ဆိုတာ ပေါ်လွင်စေကြောင်း ပြောပါတယ်။ ဆူနက်ခ်ရော၊ ဂျွန်ဆန်ပါ သူတို့ရဲ့ တရား​ဝင် မဲဆွယ်မှုတွေကို မစတင်သေးပေမယ့် ပါတီထဲမှာတော့ ထောက်ခံသူ အင်အားစုတွေ စတင် ကွဲပြားလာနေပြီ ဖြစ်ပါတယ်။ 

လေ့လာသူတွေကတော့ ဆူနက်ခ်ဟာ ပါတီရဲ့ အကြီးတန်း အဖွဲ့ဝင် အများစုဆီက ထောက်ခံချက်တွေ ပိုရထားတာကြောင့် အလားအလာ ကောင်းတယ် ဆိုပေမယ့် ကွန်ဆာဗေးတစ်တွေထဲမှာ ဂျွန်ဆန်ရဲ့ လွှမ်းမိုးမှုကလည်း လျှော့တွက်လို့ မရဘူးလို့ မှတ်ချက် ပေးနေကြပါတယ်။ နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ထရက်စ်ကတော့ နိုင်ငံခေါင်းဆောင်သစ် ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ တစ်ပတ်လောက်အတွင်း အဖြေပေါ်လာဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။